Sunday, February 23, 2014

(ကဗျာမလေး Zero)



၁။

ကောင်မလေးရေ ....

မင်း လက်အရွေ့တွေမှာ

ကိုယ့်မျှော်လင့်ခြင်းတွေပါမှန်

မသိလေရော့သလား ။

ရင်ခွင်မှာ ခါးခါးဆို မချိမဆန့်မို့

ကိုယ့်နှလုံးသားကို စာနာသနားပါကွယ် ။

ရယ်စရာ ပြက်လုံးလို့

မင်း ထင်မယ်ဆိုလည်း

ကိုယ် လူရွှင်တော်ဖြစ်လိုက်ပါ့မယ် ....

မင်း အပြုံးလေးက ကိုယ့်အဘိဓာန်မို့ ။

၂။

ခဏ ခဏ မတွေ့ရတဲ့

profile ထဲက မင်းစာသားတွေကို

မျှော်လင့်တကြီး စောင့်စားနေတတ်သူ ၊

ကိုယ်ဟာ မင်းလက်ဖျားတွေထဲက လေကလေးပေါ့ ။

၃။

ဒီလိုပဲ

ပြောတတ်သလို ရေးလိုက်တဲ့စာမှာ

မင်းစိတ်ဆိုးရာကလေး ကျန်ခဲ့မယ်ဆိုလည်း

ကိုယ် လက်ခံထားလိုက်ပါ့မယ်

မုန်းမသွားရင်ဘဲ ကျေနပ်တယ် ။

၎။

မျက်နှာများတယ်တော့ မထင်ပါနဲ့

ဖူးစာရှင်ရယ် ရှာရခက်တာမို့

ကိုယ့် ပဝေသနီထဲ ....

မင်းပဲ အဆုံးမှတ်တိုင်ပေါ့ ။

ဟုတ်တယ် ....

မင်းပဲ

ကိုယ့်အဆုံးအစွန် ၊

ရုန်းကန်ချင်စိတ်တွေ မေ့သွားလောက်အောင်

နှောင်ရီဖွဲသီနိုင်တဲ့ အနုအလှတွေကို

ကိုယ် ဘယ်လို မျက်ကွယ်ပြုလို့ရမှာလဲ

မင်းကို ချစ်တယ် ။

၅။

အာတိတ်သမုဒ္ဒရာ

ပစိဖိတ်တွေ .....

ကိုယ် နားမထောင်ချင်တော့ဘူး ၊

မင်း ကိုယ်လုံးလေးသာ ကိုယ့်ရင်ခွင်ထဲ ၀င်လာပေး ။

ဒါဟာ အမှန်တရားဖြစ်တယ်

ဘယ်သူတွေရဲ့

အမှန်တရားမဟုတ်ဘူးဆိုရင်တောင်

ကိုယ့် အမှန်တရားပဲ ၊

ကဗျာမလေးရေ .....

မင်းသာ ကိုယ့်အမှန်တရား ။ ။

ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

No comments:

Post a Comment