Sunday, February 23, 2014

( အပ်ထိ စီးဝင်သွားတဲ့ သွေးဟာ အစိတ်စိတ် အမြွာမြွာ )



ရောက်တုန်းရောက်ခိုက် စိတ်မနှံ့သူရဲ့ပေါင်ပေါ်မှာ ခေါင်းခဏအုံးတယ် ၊
စဉ်းစားကြည့်လေ ... ၊ ဘယ်သူ့စိတ်ထဲ ဘယ်သူပလ္လင်ခင်းထားသလဲလို့ ၊
ဘယ်သူမှမဟုတ်တဲ့ ဘယ်ကလာတဲ့သူလဲ မသိတဲ့ မသိစိမ်းတဲ့သူကို
ဘယ်သူပါလို့ ပြောကြည့် ၊ ပါးစပ်ထဲ ငရုတ်သီးအတောင့်လိုက် ခိုစီးသွားလိမ့်မယ် ။

မင်း နားမလည်တတ်တဲ့ ပုစ္ဆာကိုမှ ဖြေချင်လှပါတယ် ဆိုတဲ့ ရွှေဇီးကွက်ကလေးလို ၊
ငါ့ လမ်းအိုအိုကလေးကို မနက်တစ်ခါ ညတစ်ခါ သန့်ရှင်းစင်ကြယ်ရင်း ၊
အတင်းတွေက မင်းနားမှာ သံမှိုတွေပြည့်သိပ်လို့ ၊
ကိုယ့်ဘ၀ကို ကိုယ့်ဘာသာ တည်ဆောက်ပါလေ ။

လေတွေရယ် အနံ့အသက်မကင်းလေတော့
နှာခေါင်းဝတိုင်းမှာ ပေါ့ပေါ့ပါးပါး ၊ ဗက်တီးရီးယား ၊ အ၀ါနီ ပေါင်းဖက်
အသက်တစ်ရက် ထွက်သွားလိမ့်မယ် .... ၊
ဒီလိုဆို ကိုယ့်စီးကြောင်းအတိုင်း ဆက်သွား
ငါးတွေလည်း သူ့ပါးဟပ်မှာ သူ ဆူးရှိတယ် ။

ငါ သွေးပျက်နေတဲ့ အိပ်မက်လို မလို ၊ ငါ သွေးပျက်နေတဲ့ အိပ်မက်မလို လို ၊
ငါ့လက်က ငါ့စိတ်ကို အာဏာမရဘူး ၊
ငါ့အိပ်မက်က ငါ့စိတ်ကို ကောင်းကောင်း မအုပ်ချုပ်နိုင်ဘူး ၊
မင်း ငါးမျှားချိတ်မှာ သွေးမထွက်တဲ့ တီကောင်လေး ရှိတယ်ဆိုတာကိုလည်း သတိထား ။

ရေကန်ထဲ ငါးတွေ ပလူပျံအောင် ကူးခတ်နေကြတုန်း
မင်း တီကောင်သာ လောက်ငှပါစေ .... ၊
ငါကိုယ်တိုင် ထုဆစ်ထားတဲ့ အပ်ဟာ
ငါ့ကိုယ်ငါ ပြန်ချိတ်ဖို့ဆိုတာ
မြေကြီးကို လက်နဲ့ခတ်စရာမလို
သိပ် ရယ်ရသွားသလား ၊ မဆိုလိုပါဘူး မရည်ရွယ်ပါဘူး
မထူးဇာတ်ခင်းပြတာ မဟုတ်သလို
ကူးခတ်ပြနိုင်မယ့် ပင်လယ်လည်း မဟုတ်ဘူး ၊
မြို့ရပ်ရွာနေ မိတ်ဆွေသဟာ ဆရာမိဘ နတ်အများနှင့် ..... ၊
မေတ္တာ မပို့ခင်လေး
မင်းငါးမျှားချိတ်မှာ ချိတ်ခံထားရတဲ့ တီကောင်လေးနဲ့
ရေကန်ထဲက ငါးတွေကို ဦးစွာအမျှဝေ ....
ချမ်းသာကြပါစေ ကျန်းမာကြပါစေ
နေမ၀င်ခင်အချိန်လေး လက်ကလေးတွေ ဖြူနိုင်ကြပါစေ ။ ။

ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

No comments:

Post a Comment