Sunday, February 23, 2014
( သွေး မကျခင် ...... )
၁။
ဘယ်လောက်တောင် ရူးမိုက်မိသလဲ ၊ သွေးကိုယ်ကိုယ်တိုင်တောင်
အပ်ချောင်းထောက် စစ်ဘို့ လက်ချောင်းတွေက ထွက်ပြေးသွားကြတာ ။
ဘယ်လို လိုအပ်ချက်ကို လိုအပ်နေမှန်း မသိတဲ့ ဆန္ဒဟာ အလုပ်ထဲမှာပါ
ကပ်ပေလိုက်လာတယ် ။ ကြည့် စမ်း ၊ အခုထိကို မလုံလောက်နိုင်သေးတဲ့ ဆန္ဒကို
မြိုချလိုက်တဲ့ ကောင်းကင်ကြီး ၊ မျက်လုံးလေးစင်းလို့
အိပ်ယာဝင်တော့မယ့် နေလုံးနီနီ ၊ သွေးကို ရက်ရက်စက်စက် လှုပ်ခါပြသွားကြတဲ့
ဟန်ပန်တွေ ၊ တွေးရင်း မိုးသီးတွေရဲ့ ထိုးနှက်ခြင်းကို ခံလိုက်ရတယ် ။
၂ ။
အကောင်းကိုလိုချင်ရင် အဆိုးကိုလည်းလက်ခံရမယ် ။
ဆရာ့ရဲ့ ဆုံးမစကားကို လက်ကိုင်ပြုပြီး ခါးသက်လွန်းတဲ့ နေ့ ရက်တွေကိုဖြတ်သန်းခဲ့
တာ .... ။
ကျင်တွယ်ကိုကောက်ကိုင်ပြီး တိမ်တွေကို တိုင်းထွာကြည့် တော့ ၊ အဆိုးတွေချည်းပါ
လာတယ် ၊ သွေး ရင်အိတ်ထဲမှာလည်း အဟောင်းအနွမ်းတွေနဲ့ ပြည့် သိပ်လို့ ။
ဘာလို့ မငိုမိတာပါလိမ့် ၊ စနိုးဝှိုက် ကိုက်စားမိတဲ့ ပန်းသီးလည်းမဟုတ်ပါဘဲ ....
သွေးရဲ့ နှလုံးသားထဲ အဆိပ်တွေ အလိမ့်လိမ့် စီးကျသွားတာ ၊ ဘယ်ကြမ္မာရဲ့
ပြုစားခြင်းလဲ ။ ဘယ်ကြမ္မာကမှတော့ ပြုစားနိုင်မှာမဟုတ်ဘူး ၊ ကိုယ့်အလုပ်ကြောင့်
ကိုယ့်ကို ပြန်ဟပ်တယ်လို့ ဘဲ မြင်တယ် ။
၃ ။
ဘယ်လိုပဲ ဖြစ်ဖြစ် ၊ အချစ်စစ်ကို စွန်ကြိုးဖြတ်သလို ဖြတ်ခဲ့တဲ့ လက်အတွက် ရလဒ်က
ဘယ်ပညာရှင်မှ ဖော်ထုတ်ပြဖို့ မလိုအပ်တဲ့ အဖြေဘဲမဟုတ်လား ။ ကိုယ့်နှလုံးသားအ
နာဂါတ်ကို ကိုယ်တိုင် ထုဆစ်ခဲ့တာ ၊ သေချာတယ် ....
ဘယ်ပယောဂမှ မပါဘူး ။
သွေးရဲ့ နောက်ဆုံးအသက်ရှူသံမှာ ကဗျာမလေးရဲ့ အပြုံးတစ်ချက်သာ ရှိနေပါစေ ၊
သွေး သေပျော်တယ် ။ ။
လွဏ်းသစ်မှူး
Labels:
essay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment