Sunday, February 23, 2014

(ကဗျာမလေး Zero)



၁။

ကောင်မလေးရေ ....

မင်း လက်အရွေ့တွေမှာ

ကိုယ့်မျှော်လင့်ခြင်းတွေပါမှန်

မသိလေရော့သလား ။

ရင်ခွင်မှာ ခါးခါးဆို မချိမဆန့်မို့

ကိုယ့်နှလုံးသားကို စာနာသနားပါကွယ် ။

ရယ်စရာ ပြက်လုံးလို့

မင်း ထင်မယ်ဆိုလည်း

ကိုယ် လူရွှင်တော်ဖြစ်လိုက်ပါ့မယ် ....

မင်း အပြုံးလေးက ကိုယ့်အဘိဓာန်မို့ ။

၂။

ခဏ ခဏ မတွေ့ရတဲ့

profile ထဲက မင်းစာသားတွေကို

မျှော်လင့်တကြီး စောင့်စားနေတတ်သူ ၊

ကိုယ်ဟာ မင်းလက်ဖျားတွေထဲက လေကလေးပေါ့ ။

၃။

ဒီလိုပဲ

ပြောတတ်သလို ရေးလိုက်တဲ့စာမှာ

မင်းစိတ်ဆိုးရာကလေး ကျန်ခဲ့မယ်ဆိုလည်း

ကိုယ် လက်ခံထားလိုက်ပါ့မယ်

မုန်းမသွားရင်ဘဲ ကျေနပ်တယ် ။

၎။

မျက်နှာများတယ်တော့ မထင်ပါနဲ့

ဖူးစာရှင်ရယ် ရှာရခက်တာမို့

ကိုယ့် ပဝေသနီထဲ ....

မင်းပဲ အဆုံးမှတ်တိုင်ပေါ့ ။

ဟုတ်တယ် ....

မင်းပဲ

ကိုယ့်အဆုံးအစွန် ၊

ရုန်းကန်ချင်စိတ်တွေ မေ့သွားလောက်အောင်

နှောင်ရီဖွဲသီနိုင်တဲ့ အနုအလှတွေကို

ကိုယ် ဘယ်လို မျက်ကွယ်ပြုလို့ရမှာလဲ

မင်းကို ချစ်တယ် ။

၅။

အာတိတ်သမုဒ္ဒရာ

ပစိဖိတ်တွေ .....

ကိုယ် နားမထောင်ချင်တော့ဘူး ၊

မင်း ကိုယ်လုံးလေးသာ ကိုယ့်ရင်ခွင်ထဲ ၀င်လာပေး ။

ဒါဟာ အမှန်တရားဖြစ်တယ်

ဘယ်သူတွေရဲ့

အမှန်တရားမဟုတ်ဘူးဆိုရင်တောင်

ကိုယ့် အမှန်တရားပဲ ၊

ကဗျာမလေးရေ .....

မင်းသာ ကိုယ့်အမှန်တရား ။ ။

ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

( အပ်ထိ စီးဝင်သွားတဲ့ သွေးဟာ အစိတ်စိတ် အမြွာမြွာ )



ရောက်တုန်းရောက်ခိုက် စိတ်မနှံ့သူရဲ့ပေါင်ပေါ်မှာ ခေါင်းခဏအုံးတယ် ၊
စဉ်းစားကြည့်လေ ... ၊ ဘယ်သူ့စိတ်ထဲ ဘယ်သူပလ္လင်ခင်းထားသလဲလို့ ၊
ဘယ်သူမှမဟုတ်တဲ့ ဘယ်ကလာတဲ့သူလဲ မသိတဲ့ မသိစိမ်းတဲ့သူကို
ဘယ်သူပါလို့ ပြောကြည့် ၊ ပါးစပ်ထဲ ငရုတ်သီးအတောင့်လိုက် ခိုစီးသွားလိမ့်မယ် ။

မင်း နားမလည်တတ်တဲ့ ပုစ္ဆာကိုမှ ဖြေချင်လှပါတယ် ဆိုတဲ့ ရွှေဇီးကွက်ကလေးလို ၊
ငါ့ လမ်းအိုအိုကလေးကို မနက်တစ်ခါ ညတစ်ခါ သန့်ရှင်းစင်ကြယ်ရင်း ၊
အတင်းတွေက မင်းနားမှာ သံမှိုတွေပြည့်သိပ်လို့ ၊
ကိုယ့်ဘ၀ကို ကိုယ့်ဘာသာ တည်ဆောက်ပါလေ ။

လေတွေရယ် အနံ့အသက်မကင်းလေတော့
နှာခေါင်းဝတိုင်းမှာ ပေါ့ပေါ့ပါးပါး ၊ ဗက်တီးရီးယား ၊ အ၀ါနီ ပေါင်းဖက်
အသက်တစ်ရက် ထွက်သွားလိမ့်မယ် .... ၊
ဒီလိုဆို ကိုယ့်စီးကြောင်းအတိုင်း ဆက်သွား
ငါးတွေလည်း သူ့ပါးဟပ်မှာ သူ ဆူးရှိတယ် ။

ငါ သွေးပျက်နေတဲ့ အိပ်မက်လို မလို ၊ ငါ သွေးပျက်နေတဲ့ အိပ်မက်မလို လို ၊
ငါ့လက်က ငါ့စိတ်ကို အာဏာမရဘူး ၊
ငါ့အိပ်မက်က ငါ့စိတ်ကို ကောင်းကောင်း မအုပ်ချုပ်နိုင်ဘူး ၊
မင်း ငါးမျှားချိတ်မှာ သွေးမထွက်တဲ့ တီကောင်လေး ရှိတယ်ဆိုတာကိုလည်း သတိထား ။

ရေကန်ထဲ ငါးတွေ ပလူပျံအောင် ကူးခတ်နေကြတုန်း
မင်း တီကောင်သာ လောက်ငှပါစေ .... ၊
ငါကိုယ်တိုင် ထုဆစ်ထားတဲ့ အပ်ဟာ
ငါ့ကိုယ်ငါ ပြန်ချိတ်ဖို့ဆိုတာ
မြေကြီးကို လက်နဲ့ခတ်စရာမလို
သိပ် ရယ်ရသွားသလား ၊ မဆိုလိုပါဘူး မရည်ရွယ်ပါဘူး
မထူးဇာတ်ခင်းပြတာ မဟုတ်သလို
ကူးခတ်ပြနိုင်မယ့် ပင်လယ်လည်း မဟုတ်ဘူး ၊
မြို့ရပ်ရွာနေ မိတ်ဆွေသဟာ ဆရာမိဘ နတ်အများနှင့် ..... ၊
မေတ္တာ မပို့ခင်လေး
မင်းငါးမျှားချိတ်မှာ ချိတ်ခံထားရတဲ့ တီကောင်လေးနဲ့
ရေကန်ထဲက ငါးတွေကို ဦးစွာအမျှဝေ ....
ချမ်းသာကြပါစေ ကျန်းမာကြပါစေ
နေမ၀င်ခင်အချိန်လေး လက်ကလေးတွေ ဖြူနိုင်ကြပါစေ ။ ။

ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

(လုပ်သား)



မနေ့က ခြောက်ထပ်တိုက် ဆံပင်ပေါ် ပုခုံးထက် ကျောက်အိတ်သယ်ရင်း တက် ၊
ခြေဖျားကစ ပေါင်ရင်းအထိ ကြွက်ကတိုးတွေ တစ်ကောင်တည်းမက ကုပ်တွယ်တက်လာ ၊
ငါဟာ လုပ်သားတစ်ယောက်ပါ .... ။

မနေ့က ကားပေါ်မှာ ခြေထောက်တွေ အစက်အပြောက် ၊
မျက်နှာတစ်ပြင်လုံးမှာ မှိုပင်ပေါက်ကလေးတွေ သီသီတန်းတန်း ၊
အကျောအချဉ်တွေ တဆစ်ဆစ်ဖျားနာ ၊
ငါဟာ လုပ်သားတစ်ယောက်ပါ .... ။

ဒီနေ့ပဲ နံနက်ခင်းက ထမင်းဆီဆမ်း ကုလားပဲကြော် ချကျွေး ၊
ဗက်တီးရီးယားတွေ ကခုန်နေတဲ့ ရေအေးအေးသောက် ၊
နေပူဆာ လှုံရင်း လုပ်ငန်းခွင်ပစ္စည်းတွေ ကောက်ရင်း ၊
ငါဟာ လုပ်သားတစ်ယောက်ပါ .... ။

ဒီနေ့ပဲ နေ့လည်ခင်းကို Internet Cafe ၀င် ၊
ကလေး ကုလားတွေကြား ဆူညံပေါက်ကွဲသံတွေထဲ ကဗျာရေးဖြစ် ၊
မြှုပ် မြှုပ်ထားရတဲ့ စိတ်တွေကို အစကလေးတွေကနေ ဆွဲဆွဲလှန် ၊
ငါဟာ လုပ်သားတစ်ယောက်ပါ .... ။

နေ့ရှိ ညရှိ ဆည်းဆာရှိ ၊
ဘာတွေ ဘာရှိရှိ
ငါ သိတာ နပ်စာ ၊
နပ်စာမမှန်ရင် ဘာမှလုပ်မနိုင်မို့
ကိုယ့်ခန္ဓာ ကိုယ် ရိုက်နှက်ရင်း ...... ။ ။

ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

( မိုးဖွဲဖွဲကို သတိရတော့ သစ်ရွက်ခြောက်ကလေးက ထရယ်တယ် )


မိုးဖွဲဖွဲကို သတိရတော့ သစ်ရွက်ခြောက်ကလေးက ထရယ်တယ် ၊
ဘယ်နေရာ ဘယ်မြို့ပြတွေမှာဘဲ ရွာရွာ
ဘယ်ခေါင်မိုး ဘယ်ထီးပေါ်တွေဘဲ ရွာရွာ
ဘယ်သမံတလင်း ဘယ်မှန်ကင်းတွေဆီပဲ ဖြောက်ဖြောက်
ဘယ်ဆံပင် ဘယ်အမွေးတွေကိုပဲ စိုစို
မိုးကလေး အေးအေး ဖွေးပြတော့ သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။

တနင်္ဂနွေ မုန်း
စနေ မုန်း
တနင်္လာ မုန်း
တနင်္ဂနွေ မုန်း
မုန်းခြင်းများစွာနဲ့ ဘယ်လိုမုန်း
နှာခေါင်းဝက မုန်တိုင်းနဲ့ မုန်း
မျက်လုံး ကမ္ဘာကျယ်သရွေ့ မုန်း
နှုတ်ခမ်းကိုက်ရာ ရာထောင်ချီ မုန်း
မုန်း မုန်း မုန်း
မုန်းကြောင်းဖန်လာလို့ မုန်း
မုန်းသင့်လို့ မုန်း
မုန်းခံစေချင်လို့ မုန်း
မုန်းဆယ်ကမ္ဘာထက်ပိုချင်လို့ မုန်း
မုန်း မုန်း မုန်း
မုန်းကြောင်း မုန်းကျိုး
မုန်းကောင်း မုန်းဆိုး
မုန်းဟောင်း မုန်းပျို
မုန်းအို မုန်းငယ်
မုန်းအသွယ်သွယ်နဲ မုန်း
တစ်ခါတလေ ....
မိုးဖွဲဖွဲကိုသတိရတော့ သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။

အစိမ်း အနီ
အ၀ါ အပြာ
အညှာ အခက်တွေကို
လှည်းကျိုးထမ်းမိသလိုမျိုး ၊
ခရမ်း အညို
မီးခိုး မိုးပြာ
အညှာ အခက်တွေကို
ပန်းကလေးတစ်ပွင့်လို နမ်းရှိုက်မိသလိုမျိုး ၊
ဆူးနွယ်တွေရဲ့ ရိုက်ချက်နဲ့
အလျှိုးရာတွေက တသသ လုပ်မိတော့လေ ....
မိုးဖွဲဖွဲကိုသတိရတော့ သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။

မိုးညို အလာကိုမျှော်တကြည့်ကြည့်
မိုးစိုချင်တဲ့ လက်ကလေးနဲ့
မိုးခိုချင်တဲ့ ကြောင်ဝါ၀ါကလေး
ထထ ရယ်တတ်တဲ့ သစ်ရွက်ခြောက်ကလေးကို
အကြိမ်ကြိမ် သတ်လိုက်ကြတော့ ....
သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။ ။

ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

( ဗလာ )




ချိုင့်ခွက်ထဲကို ကျောက်စလစ်တွေထည့်

ချိုင့်ခွက်ထဲကို ကတ္တရာအရည်ပူတွေ လောင်း

ချိုင့်ခွက်ထဲကို အမှိုက်သရိုက်တွေ ဖို့

ဗလာ .... ။



အသိဥာဏ်ထဲကို ချစ်ခြင်းတွေထည့်

အသိဥာဏ်ထဲကို ၀မ်းနည်းပူဆွေးခြင်းတွေ လောင်း

အသိဥာဏ်ထဲကို စိတ်ရှုပ်ထွေမှုတွေ ဖို့

ဗလာ .... ။



နိုင်ငံထဲကို ဘာသာပေါင်းစုံထည့်

နိုင်ငံထဲကို အုံကြွမှုတွေ လောင်း

နိုင်ငံထဲကို အပြစ်အနာအဆာတွေ ဖို့

ဗလာ .... ။



လောကကြီးကို ဗလာလို့ မြင်ကြည့်

ဗလာတွေပဲ တွေ့မယ် .....

ဗလာ ...... ။ ။




လွဏ်းသစ်မှူး

(ငနွား)



နောက်ကြောင်းကို လှန်ကြည့်ရအောင်

နောက်ကျောမှာ ဘယ်လို ထုံးရည်တွေ ပက်ဖြန်းထားခဲ့လို့လဲ ၊

ရှေ့ကို မျှော်တွေးကြည့်ရအောင်

မျက်လုံးမှာ ဘယ်လို အနုကြည့်တွေ တပ်ဆင်ထားလို့လဲ ၊

ကိုယ့်ကမ္ဘာမှာ ကိုယ် ပျော်မွေ့ပြေရုံနဲ့

ကိုယ်ကျက်စားရာမြေ လှပြီ ထင်

ဘ၀င်တွေ အသွင်သွင်မြင့်လို့

တစ်ဘို့မှ တစ်ဘို့ထဲ ကြည့်တဲ့ ငနွား ။

လွဏ်းသစ်မှူး

.....

ငါ့ကို တူးဆွသွားတာ ဘယ်သူလဲ

သူ့ ကို လိုက်ရှာပေးပါ ၊

သူ့ နှလုံးသားမှာ ငါရှိနေသေးမှန်း

ငါသိလိုက်တယ် ....

ငါ့ကို တူးဆွသွားတယ်လေ ။

ဘယ်ဂြိုဟ် ဘယ်ဥက္ကာပျံတွေပေါ်မှာပဲရှိရှိ

သူ့ ကို ကူရှာပေးကြပါ ... ။

ငါ့ရဲ့ ရွှံ့ ဗွက်ကလေး အနည်ထိုင်နေကာစကို

သူ လှုပ်နှိုးသွားတယ် ၊

ငါ ဘယ်လိုအသက်ရှူရမလဲ

ဘယ်ဝဋ်ကြွေးတွေ ဘယ်လောက်ရှိရှိ

ငါ့နှလုံးသားကို ထပ်ခါထပ်ခါ သစ်ပြပါ့မယ်

ကျေးဇူးပြုပြီး ..... ။ ။

လွဏ်းသစ်မှူး

( သွေး မကျခင် ...... )



၁။

ဘယ်လောက်တောင် ရူးမိုက်မိသလဲ ၊ သွေးကိုယ်ကိုယ်တိုင်တောင်

အပ်ချောင်းထောက် စစ်ဘို့ လက်ချောင်းတွေက ထွက်ပြေးသွားကြတာ ။

ဘယ်လို လိုအပ်ချက်ကို လိုအပ်နေမှန်း မသိတဲ့ ဆန္ဒဟာ အလုပ်ထဲမှာပါ

ကပ်ပေလိုက်လာတယ် ။ ကြည့် စမ်း ၊ အခုထိကို မလုံလောက်နိုင်သေးတဲ့ ဆန္ဒကို

မြိုချလိုက်တဲ့ ကောင်းကင်ကြီး ၊ မျက်လုံးလေးစင်းလို့

အိပ်ယာဝင်တော့မယ့် နေလုံးနီနီ ၊ သွေးကို ရက်ရက်စက်စက် လှုပ်ခါပြသွားကြတဲ့

ဟန်ပန်တွေ ၊ တွေးရင်း မိုးသီးတွေရဲ့ ထိုးနှက်ခြင်းကို ခံလိုက်ရတယ် ။

၂ ။

အကောင်းကိုလိုချင်ရင် အဆိုးကိုလည်းလက်ခံရမယ် ။

ဆရာ့ရဲ့ ဆုံးမစကားကို လက်ကိုင်ပြုပြီး ခါးသက်လွန်းတဲ့ နေ့ ရက်တွေကိုဖြတ်သန်းခဲ့

တာ .... ။

ကျင်တွယ်ကိုကောက်ကိုင်ပြီး တိမ်တွေကို တိုင်းထွာကြည့် တော့ ၊ အဆိုးတွေချည်းပါ

လာတယ် ၊ သွေး ရင်အိတ်ထဲမှာလည်း အဟောင်းအနွမ်းတွေနဲ့ ပြည့် သိပ်လို့ ။

ဘာလို့ မငိုမိတာပါလိမ့် ၊ စနိုးဝှိုက် ကိုက်စားမိတဲ့ ပန်းသီးလည်းမဟုတ်ပါဘဲ ....

သွေးရဲ့ နှလုံးသားထဲ အဆိပ်တွေ အလိမ့်လိမ့် စီးကျသွားတာ ၊ ဘယ်ကြမ္မာရဲ့

ပြုစားခြင်းလဲ ။ ဘယ်ကြမ္မာကမှတော့ ပြုစားနိုင်မှာမဟုတ်ဘူး ၊ ကိုယ့်အလုပ်ကြောင့်

ကိုယ့်ကို ပြန်ဟပ်တယ်လို့ ဘဲ မြင်တယ် ။

၃ ။

ဘယ်လိုပဲ ဖြစ်ဖြစ် ၊ အချစ်စစ်ကို စွန်ကြိုးဖြတ်သလို ဖြတ်ခဲ့တဲ့ လက်အတွက် ရလဒ်က

ဘယ်ပညာရှင်မှ ဖော်ထုတ်ပြဖို့ မလိုအပ်တဲ့ အဖြေဘဲမဟုတ်လား ။ ကိုယ့်နှလုံးသားအ

နာဂါတ်ကို ကိုယ်တိုင် ထုဆစ်ခဲ့တာ ၊ သေချာတယ် ....

ဘယ်ပယောဂမှ မပါဘူး ။

သွေးရဲ့ နောက်ဆုံးအသက်ရှူသံမှာ ကဗျာမလေးရဲ့ အပြုံးတစ်ချက်သာ ရှိနေပါစေ ၊

သွေး သေပျော်တယ် ။ ။

လွဏ်းသစ်မှူး

" ‌တောင်‌သာမန်‌ "



သူဟာ ဒဏ်‌ရာများနဲ့
တစ်‌ချက်‌တစ်‌ချက်‌မှာ ယှိင်‌နဲ့နဲ့
ငြီးညူသံ‌တွေလား
ငို‌ကြွေးသံ‌တွေလား
တံခါးဝကို လာ‌ခေါက်‌သွားရဲ့ ....
တဖြည်းဖြည်း
အ‌ရောင်‌‌ပြောင်းလာတဲ့ သက္ကရာဇ်‌‌တွေကြား
ဒဏ်‌ရာ‌တွေဟာ တဖွားဖွား
ဒီ‌နေရာမှာ ကဗျည်းထိုးထားတဲ့ အမာရွတ်‌‌တွေဟာ
ရာစုသစ်‌ရဲ့ မှတ်‌တိုင်‌တစ်‌ခု‌ပေါ့.....။

‌တွေ့ဆုံခြင်းမှာ
‌ပျော်‌ရွှင်‌စွာနဲ့
မင်းမဟာမှာ ရင်‌နှီးမှု‌တွေပိုခဲ့ကြတယ်...
နှုတ်‌ဆက်‌ခြင်းဟာ ဝမ်းနည်းစွာနဲ့
ပုစွန်‌ဆီ‌ရောင်‌ ဆည်းဆာရယ်‌‌
‌တောင်‌သာမန်‌ရယ်...
အမှတ်‌တရများစွာ အိမ်‌အပြန်‌ပါခဲ့တယ်‌.....။

အမာရွတ်‌‌တွေကို ‌
ကိုယ့်‌စိတ်‌နဲ့ကိုယ်‌ 'သ'ထားလိုက်‌တယ်‌
သစ်‌ရွက်‌‌ကြွေသံ....
‌နေဝန်းပြိုသံ....
အသံ‌တွေနဲ့ ပန်းဝင်‌ခဲ့‌ပေါ့.....။

‌တွေ့
ဆုံ
ကြုံ
ကွဲ... လမ်း‌ဟောင်းလား....
လမ်းသစ်‌လား ...
ပြုံးရှရှ ရယ်‌သံ‌တွေသာ
ငါတို့ရဲ့ ‌ရှေ့မှာလှိုင်းထလို့
‌လျှောက်‌ရင်း...‌လျှောက်‌ရင်း
ကျလာတာ‌တွေကများ
ပြန်‌မ‌ကောက်‌ခဲ့‌တော့ဘူး
ရင်‌ဘတ်‌ထဲမှာ အားလုံးပါတယ်....။

‌ပြောဆိုချက်‌အရ...
အထက်‌ပါ‌ခေါင်းစီးအတိုင်း စီး‌မြှော...
ဒီက‌နေရဲ့ ရင်‌ဘတ်‌ထဲမှာ ...ငါ
ငါရယ်‌...သူတို့
သူတို့ရယ်‌ ‌နေဝင်‌ဆည်းဆာ‌
‌နေဝင်‌ဆည်‌ဆာရယ်‌ ‌တောင်‌သာမန်‌
‌တောင်‌သာမန်‌ရဲ့ ရင်‌ခွင်‌မှာ
ခိုဝင်‌‌မှေးစက်‌ခဲ့‌နေ့များ...
မြက်‌ခင်းစိမ်းများ တအုံ့အုံ့ ....။

ခြုံလွှမ်းလိုက်‌
တိမ်‌ခိုးဖြူ ဇာပဝါပါးနဲ့
မြက်‌ခင်းစိမ်းတစ်‌ချို့ အုပ်‌သိမ်း
မြှားတစ်‌စင်းဟာ တိုးလျို‌ပေါက်‌
‌တောင်‌သာမန်‌ရဲ့ နှလုံးသားကို ထိုး‌ဖောက်‌လို့
ဆည်းဆာနှင့်‌ အတူ
ရင်‌ခုန်‌သံတို့ ‌အေးချမ်းခဲ့ပါတယ်‌
တစ်‌‌ယောက်‌လက်‌ကို တစ်‌‌ယောက်‌တွဲပြီး....
ငါတို့ ......။ ။

ဆူးလင့်‌‌နွေ ၊ ကြယ်‌က‌လေး ၊ လင်းသုတ(‌ရွှေထီး) ၊ ညီဆူးသစ်‌ ၊ လွဏ်းသစ်‌မှူး ၊ မိုင်း ၊
1512014
5:57pm‌

ခရမ်းခြစ် ရာ ပန်းခြစ် ရာ



ချစ်တဲ့စိတ်နဲ့ ထွေးပွေ့ ချင် ရုံ

မှုံနံ့ သာ သင်းပျံ့ ပျံ့ ကို

ရှင်းသန့် စွာ ယုယပုံ ။

ရင် အစုံ ခုန်ကြည့်တော့

တုန်ဟီး မနာ အသည်းက

ကြင် ရာခရမ်း

ထာဝရ တမ်းသည်

ဆယ်ကမ္ဘာ လွမ်း ။ ။

လွဏ်းသစ်မှူး

" တောင်သာမန် ၊ မျက်စိတစ်မှိတ် "

ထားလိုက်ကြရအောင်

နံပါတ်တစ် ၊

အဆိပ်ခပ်ထားတဲ့ ပန်းသီးမဟုတ်ဘူး ။

စားလိုက်ကြရအောင်

နံပါတ်နှစ် ၊

မနုဿတွေက ပျားသူငယ်တွေမဟုတ်ဘူး ။

သွားလိုက်ကြရအောင်

နံပါတ်သုံး ၊

ဆူးခလုတ်တွေက ပန်းရနံ့မသင်းဘူး ။

ထားလိုက်ကြရအောင် . . . . .

ဒီနေရာ ၊ ဒီအချိန်

ဒီမိနစ် ဒီစက္ကန့်တွေတိုင်းမှာ

တို့ရင်ခုန်သံတွေက ထပ်တူညီခဲ့တယ်

မဟုတ်လား ၊

အလှုပ်အရှားတွေက

ဒီနေရာမှာလေးတင်

အရယ်အပြုံးတွေက

ဒီနေရာမှာလေးတင်

အထိအရှ ၊ အတွန်းအတိုက်တွေနဲ့

ပျော်မြူးခဲ့ရတယ်ဆို(ရင်)

ဒီမယ် . . . . . ၊

ခဏလေးပဲဖြစ်တယ် ။ ။

15.1.14
06:20PM

လွဏ်းသစ်မှူး

ပင်လယ်ထဲမှာ ၀ဲနေကြတယ် ......... (သူတို့ရယ် ကိုယ်တို့ရယ် )

ခဏလောက် တုံးလုံးလှဲကြည့်ကြရအောင်
သူ့မျက်နှာ ကိုယ့်မျက်နှာ တစ်ထေရာတည်းမဟုတ်ပေမယ့်
တစ်ထေရာတည်း
အတိတ်ကို ပိုက်ဆံအပြဲ လိုက်လဲသူလို ဘာတွေလဲတယ် ဘာတွေလဲတယ်
ရှာရဖွေရအခက်သားမို့
ဒို့ ဒို့တတွေ အမြဲသတိရှိရတော့မယ် ၊
တည်ပင်အောက် ဇယ်တောက်ရင်း
ဗံဒါသီးလေးတွေ ထုစားလို့
တုံးလုံးပက်လက်လှဲခဲ့ကြတာတွေ သတိရတိုင်း
လက်နှစ်ဖက်က ခွင်ထဲမှာ
ဒါဟာ ရင့်ကျက်မှုရဲ့ သင်္ကေတတွေပဲ
မဟုတ်ဘူးလား ၊
ဟုတ်တယ် ၊
ဘ၀ရဲ့ အရပ်ပေတွေမြင့်သွားတိုင်း
ရှင်သန်ရမယ့်ရက်တွေ တိုတိုတောင်းသွားတာ
ဒါ နိယာမ ။

ဥပါဒါန် နဲ့ တဏှာ မတူတာချင်းအတူတူ
လူတော့ လုပ်မနေချင်တော့ဘူး
ရဟန်းဝတ် ဘောင်သွင်းပြီး
တောထွက် တရားထိုင်တာပဲ ကောင်းတယ် ၊
မဟုတ်ဘူးလား ၊
မဟုတ်ဘူး ၊
ဘ၀ရဲ့ အရပ်ပေ အမြင့်တွေက
ဥပါဒါန် နဲ့ အ၀ိဇ္ဇာတွေပေါ်မှာ မှီခိုတယ်
တိတ် တိတ် တိတ်
တိတ်ဆိတ်စွာ နေပေးကြပါရန် မေတ္တာရပ်ခံ
တိတ် တိတ် တိတ်
တိတ်လိုက်တော့ ဆရာ ၊
ခင်ဗျားစကားတွေက စည်းလွတ်ဝါးလွတ်ဖြစ်နေပြီ
တတ်နိုင်ရင် တရားကို နည်းနည်းလျှော့်
အမှားကို နည်းနည်းလျှော့်
ဒါဆို လူကောင်းလူမွန်ဖြစ်ပြီ ။

သိပ် ထူးဆန်းမနေတော့တဲ့ ဒီပင်လယ်မှာ
သူတို့ရယ် ကိုယ်တို့ရယ် .......... ။ ။

လွဏ်းသစ်မှူး

ကဗျာမလေး

ကဗျာမလေး (၁၁)

အိပ်မက်လမ်းကို လျှောက်

မိတ်ကပ်ရွှမ်းလေးနဲ့

အိပ်မက်ဆန်းကလေး မက်ကြည့်တာပါ ။

ပန်းကလေးတစ်ပွင့်နဲ့

လမ်းကလေးကို ဖွင့်ကြည့်တော့

ပန်းကလေး .... ။

ငိုရာပါလာတဲ့ အခိုးအငွေ့လေးတွေနဲ့

မျက်ရည်ဆိုတာ ဒါကိုပြောတာလား ကဗျာ ၊

နှစ်မခြားတဲ့ အထစ်အဖျားကလေးပဲ

တို့ နုညံ့ခွင့်ရခဲ့ကြ

ဘ၀က

ဘယ်နေရာမှာ ပြန်စရမလဲဆိုပြီး

အတွေးနဲ့ မျက်နှာငယ်နေတယ် ကဗျာ ။

မတွေးတော့ဘူး

မဆွေးတော့ဘူး

အချစ်ကို ခေါင်းအုံးလေးအောက်ဖိပြီး

အိပ်စက်လိုက်ပါတော့မယ် ကဗျာ ။ ။




 ကဗျာမ လေး ၁၂

ကဗျာ့ဆီမရောက်ဖြစ်တာ ကြာ

ကြာနဲ့ ကွဲကွာပြီးနောက်

မာယာညွတ်ကွင်းမှာ

ယင် တလောင်းလောင်း

ဘုရင်အဟောင်းက မာန်ထတောက်တယ် ကဗျာ ။

ဒီကမ်းစပ်လိုနဲ့

ဟိုမလာ ဒီမရောက် ရှုမျှော်ခင်းမှာ

ကြာ့ရဲ့ ဟားတိုက်သံတွေ ပါတယ်

ဒါကြောင့်

ကဗျာ့ကိုပဲ ရွေးလို့ ချစ်ခဲ့တယ် ။ ။




 ကဗျာမ လေး ၁၃

သူကိုင် ထားတဲ့ခွက်လေး

နမ်းကြည့်

သနပ်ခါး ပါးပါးလေးတွေရမယ် ။

သူအော်လိုက်တဲ့ ဌာန် ကရိုဏ်း

နားထောင်ကြည့်

ပန်းနံ့ လေးတွေသင်းတယ် ။

သူ မကြည့်ရဲပါဘူး

မကြည့်ရဲပါဘူး

ကိုယ့်မျက်လုံးတွေစူးရှတယ် ။




 ကဗျာမ လေး ၁၄

လေ သလပ်ခံထားရတဲ့ အစက လေး

မျက်လုံးထဲ စူးတယ် ။

အ ရောင် ဝါရွှေ ဆံစက လေး

မျက်လုံးထဲ ရူးတယ် ။

အ စောဆုံးနေ့ မှာ

ကဗျာမ လေး ရှက်သွေးဖြာတယ် ။




လွဏ်းသစ်မှူး


%%% ခင်ဗျား(ကိုယ်)ဟာ ကမ္ဘာကြီးကို ဂွမ်းစလေးတစ်စလို သဘောထားတဲ့ လူ %%%

နေ့တွေကို သီအိုရီနဲ့၊ calculator နဲ့၊ စိတ်မှန်းနဲ့ တွက်ချက်ကြည့်ရအောင် ၊

ဘယ်နေရောင်က ဘယ်လိုဖြစ်သွားတယ် ၊ ဘယ်နေရောင်က ဘယ်လိုပူသွားတယ် ၊

ဘယ်နေရောင်က ဘယ်လိုမှောင်သွားတယ် .... ။

ပြောတဲ့စကားမှာ ဂေါက်နေတာတွေပါမှာ ၊ သေချာလား ၊ မသေချာဘူး ။

အ၀တ်စလေးတွေ လှန်းထားတာတွေ့တော့ ကိုယ့်အမေရဲ့ အပြုံးလေးများ ပါလာမလားလို့ ၊

တံတားတွေထိုင်ဆောက်နေတာတွေ့တော့ ကိုယ့်အဖေရဲ့ တည်ငြိမ်မှုတွေများ ရှိနေမလားလို့ ၊

မိုနိုပိုလီဆော့နေတဲ့ကလေးတွေတွေ့တော့ ကိုယ့် အူဝဲသံလေးကို ပြန်လိုချင်သွားတယ် ။

ကစဥ့်ကလျား အဖြူရောင်တွေထဲမှာ စက်ပစ္စည်းတွေကြားက ဖုန်လုံးကြီးတွေပါတယ် ၊

နင့်နင့်နဲနဲ ကူးခတ်လာရတဲ့ လမ်းမှာ ငါးတွေသေပြတယ် ၊

ဘယ်မှာလဲ ချမ်းသာခြင်းအစစ်အမှန် ၊ မဟုတ်ဘူး ၊ အစစ် နဲ့ အမှန် မဟုတ်ဘူး

စိတ်တွင်းထဲမှာဖြစ်နေတဲ့စစ်က ကိုယ်တွင်းထဲကစစ်လို သာသာယာယာလေးမဟုတ်ဘူး

ပေးခဲ့တဲ့ သူ့ရဲ့ဆန္ဒ တစ်ချို့တစ်ဝက် ထားလိုက် ၊ ဆယ်ပုံ ပုံ တစ်ပုံလောက်တော့ လုပ်ကြည့်ရအောင်လား ၊

တစ်ကိုယ်တည်းအတွက် ထားလိုက် ၊ မင်ဒဲလားကို အတုယူကြည့်ရအောင်လား ၊

ဖင်ကားအောင် လုပ် လို့လည်း မတိုက်တွန်းဘူး ၊ ကိုယ့်ချွေးကိုယ်ပြန်သုတ်နိုင်ရုံလေးပေါ့ ၊ လုပ် ။

family အတွက်ပဲ စဉ်းစားကြသူတွေချည်းထဲမှာ နည်းနည်းလေးပိုပေးလို့မရကြဘူးလား ၊

မှားတယ် ၊ ကိုယ့်ထွက်ဆိုချက်ဟာ တကယ်တန်းကျတော့ ၂0ရာခိုင်နှုန်းပဲရှိတာပါ ၊

ကိုယ့်အတွက်အချက်တွေ memory မမှန်တော့ဘူး ၊ ဟုတ်တယ် ၊ မဟုတ်တော့ဘူး

ကိုယ့် calculator က နေရောင်ခြည်အား လိုအပ်ချက်နဲ့ ၊ မဟုတ်တော့ဘူး

ညမိုးချုပ်ရင် မျက်လုံးတွေမှေးစင်းပြီး မနက်မိုးလင်းရင် အစာအတွက် ဥိးစားပေးခဲ့တဲ့ရက်တွေကို

နည်းနည်းလောက် မိတ္တူချဲ့ကြည့်ရအောင် ၊

ခင်ဗျားနဲ့ ကျွန်တော်ဟာ ကမ္ဘာကြီးကို ဂွမ်းစလေးတစ်စလို သဘောထားတဲ့လူပေါ့ ။ ။




လွဏ်းသစ်မှူး

......

ဟိုမှာ တွေ့ လား

ဆွမ်းဦးပုည

ငါ့ရင် ထဲ လှိုက်ကနဲ

စစ်ကိုင်းတံတားရင် ထဲ အေးကနဲ

နှင်းမှာ မာယာမပါဘူးလေ ။

ချစ်စရာ မြူခိုးတွေနဲ့

ငါ့အ နွေးဓာတ်ထဲ ခိုအောင်းလှည့်ပေါ့

သော့သော့က လေးဝင်ရောက်လာတာကတော

အ မေ ။

အ မေ့ရင်ငွေ့ ကြောင့်

သားတစ်ယောက် ပျော်မြောက်

ဟော

နောက်ဆို အ မေသိပ်လှတော့မှာလေ ။

လွဏ်းသစ်မှူး

ကဗျာမလေး

ကဗျာမ လေး

၎နာရီ
နှင်းမိုးတွေ
၆နာရီ
လင်းကာစ ချင်းကာစ
၈နာရီ
အလုပ်ဝင်
၁၂နာရီ
နေ့ လည်စာ နား
၆နာရီ
အလုပ်သိမ်း
၆:၃၀နာရီ
မှ မနက် ၆ခွဲအထိ
ကဗျာမလေးနှင့် ။ ။

 
ကဗျာမ လေး ၂

ချစ်စရာ ဆောင်း

လွမ်းစရာ နွေ

တမ်းတချင် စရာ မိုးနဲ့

ထွေးဖက်ထားချင် စရာ ......

ကဗျာမ လေး ။



 ကဗျာမလေး ၃


ကိုယ့် ပါးမှာမျက် ရည်

သူ့ ပါးမှာလည်းမျက် ရည်

နှစ်ကြောင်းပေါင်းစုံတော့

ကဗျာမလေးကို လွမ်းခဲ့ကြတယ် ။



 ကဗျာမလေး ၆


ကိုယ်မတီးခတ် ရဲတဲ့ အကြည့်နဲ့

ကိုယ် ချစ်မပြရဲတဲ့ စကားလုံးတွေပါ

အနာမှာ သာယာကြည့်တော့လည်း

မာယာ

ငိုတတ်တတ် မငိုတတ်တတ်

ငိုပြရမှာမို့

ငိုပြပါ့မယ် ကဗျာမ လေး ။




 ကဗျာမလေး ၇

သူတို့ ထင်မြင်နေသလို

ကြာဟာ ကဗျာမ လေးမဟုတ်ခဲ့

ကဗျာမလေးသာ ကဗျာမ လေးဖြစ်တယ်။

အိပ်ယာထ နောက်ကျခြင်းမှာ

နေ့ လည်စာ စောင့်ရခြင်းမှာ

ကြာ မဟုတ်ခဲ့

ကဗျာမ လေးပဲဖြစ်တယ် ။

နိဂုံး .....

ကဗျာမ လေးသာ နှလုံးသားဖြစ်တယ် ။ ။



 ကဗျာမလေး ၉


ညတစ်ခြမ်းကို

ဆည်းဆာ တစ်ခြမ်းနဲ့ မြှောက်

နေ့ တစ်ခြမ်းကို

ဆည်းဆာတစ်ခြမ်းနဲ့ မြှောက်

ကဗျာမ လေးရဲ့ မှဲ့ ကလေးရောက်လာတယ် ။ ။



လွဏ်းသစ်မှူး

.....

ရွက်လွှင့်ကြရအောင်

ဘယ်မှန်းမသိတဲ့ ခရီးရှည်ပေါ့ ၊

ဖော့စ်ဖရိတ်နဲ့ မက်သယ်မက်တီကယ်လီ ကွာခြားမှု

အခုခေတ်ကို ပြောင်းပြန်လှန်ကြည့်ချင်တယ် သျှင် ။

အရင်ကဇာတ်လမ်း ၊ အရင်ကဇာတ်လမ်း

တစ်မတ်တန် စာအုပ်လေးဆီ တွားသွားခွင့်

ငါးမူးတန် ဆောင်းပါးပိုင်ရှင်ဆီ ခိုကပ်ခွင့်

ခွင့်တိုင်ကြားစာထဲမှာ သျှင် ငါးဆယ့်ငါးကမ္ဘာလောက် နားလိုက်ပါ ။

ဟားတိုက်စရာ အပြုအမူတွေ

ကျားကိုက်စရာ လှုပ်ခါမှုတွေ

မလုပ်ခဲ့ပေမယ့် ဖြစ်ခဲ့တယ် .... ၊

ဟားတိုက်လိုက်သည်

ကျားကိုက်လိုက်သည်

မသေကောင်း မပျောက်ကောင်း ဒဏ်ရာတွေနဲ့

သျှင်တို့တွေ လေးဘက်ထောက်နေကြရပြီ ။

လူ့ဝေဒနာ လူ့သေနာတွေ

ခဏခဏ ထွက်ထွက်ပြေးသွားကြ

မင်းပြီးရင် ငါပဲ

ငါပြီးရင် မင်းပဲ

အသည်းထဲ မှိုမတက်စေနဲ့

မျက်လုံးထဲ ဖုန်မ၀င်စေနဲ့

ခြေချောင်း လက်ချောင်းတွေကြားထဲ ရေ၀ဲမစားစေနဲ့

ဝက်ခြံမထွက်စေနဲ့

မိတ်မပေါက်စေနဲ့

တားလို့မရတဲ့ တားမြစ်ခြင်းတွေက တားမြစ်ခံရ

တကယ်စိတ်ကုန်ခြင်းဆိုရင် သျှင် ကြိုးဆွဲချသေမလား ။

ဖာထေးမှုတွေ ပုံအောလို့ထူပြောလာ

ဒါဟာ နိမိတ်ဆိုးလား ......

စက်ယန္တရားတွေ လမ်းလျှောက်လာ

ဒါဟာ နိမိတ်ကောင်းလား .....

ဘာရွေးမလဲ ၊ ဘာကိုရွေးမလဲ သျှင် ။

အပူ အပူ

အနွေး အနွေး

အအေး အအေး

အပူ အနွေး

အပူ အအေး

အနွေး အပူ

အနွေး အအေး

အအေး အပူ

အအေး အနွေး

ဘေးကကြည့်နေသူအဖို့တော့ မျက်လုံးမှိတ်မရတော့တာ အမှန်ပဲ သျှင် ။

တားလို့မရတဲ့ တားမြစ်ခြင်းတွေက တားမြစ်ခံရ

တကယ်စိတ်ကုန်ခြင်းဆိုရင် သျှင် ကြိုးဆွဲချသေမလား ။

ရွက်လွှင့်ကြရအောင်

ဘယ်မှန်းမသိတဲ့ ခရီးရှည်ပေါ့ ၊

အဲဒီမှာ .....

အခုခေတ်ကို ပြောင်းပြန်လှန်ကြရအောင် သျှင် ။ ။

လွဏ်းသစ်မှူး

%%% ကျွံကျသွားသလား အမေ %%%

၁။

ကောင်လေးတစ်ယောက် ပန်းချီဆွဲနေတယ် ....

ညာဘက်လက်မှာ စုတ်တံလေးကိုင်လို့

လက်မနဲ့လက်ညှိုး အားပါပါဖိကပ်

သူ့ပါးပြင်ပေါ်က မျက်ရည်တွေ

သူကိုယ်တိုင် ရေးဆွဲနေတယ် အမေ ။

၂။

အဲဒီ ကျုံးဘေးမှာပေါ့ ....

သူ့လက်ထဲက ပန်းကုံးလေးတွေနဲ့

သူ့ပါးစပ်က ရွတ်ပြတဲ့ ညီညီမလေးတွေအကြောင်း

ဘယ်သူကမှ အရေးမလုပ်ခဲ့ကြဘူး အမေ ။

၃။

ကျန်စစ်သားရဲ့ခြေရာ နံဘေးမှာ

ကုတ်ကုတ်ကလေးထိုင်လို့

နေ့လည်စာ ထမင်းထုပ်ကလေးက

သူ့ ညီ ညီမလေးတွေအတွက်တဲ့ ၊

သူသွားရာလမ်းတစ်လျှောက်လုံး

သူ့အဖုံးအကာတွေပဲ ၊

သူများကလေးတွေမြင်တိုင်း

အားမကျတတ်တော့တဲ့ စိတ်နဲ့

ညီ ညီမလေးတွေ ကျောင်းတက်စေချင်ခဲ့

အဲဒီစိတ်နဲ့ပဲ ဒီတောထဲကနေ မထွက်ဖြစ်ခဲ့ဘူးတဲ့ အမေ ။

၎။

ကလေးတွေ ကျောင်းတက်နိုင်ပါစေ ....

ကလေးတွေ ၀ဖြိုးနိုင်ပါစေ ....

ကလေးတွေ မိဘစုံလင်စေ .... ။

၅။

အဲဒီစကားတွေက အဲဒီကလေးပြောနေတာလေ

ကြားလိုက်လား ၊ ကြားလိုက်ရဲ့လား

စို့နင့်အက်ကွဲသံနဲ့ သူ့ရဲ့ပန်းကုံးလေးမှာ

မျက်ရည်တွေ တွဲလဲခိုလို့

မပြီးဆုံးနိုင်သေးဘူး အမေ ။

၆။

ကျွံကျသွားသလား အမေ

သူ့အသံတွေထဲမှာ ကျွံကျသွားသလား

အမေ့ရဲ့ မေတ္တာစိတ်နဲ့ ပွတ်သပ်ပေးပါ

အမေ့ရဲ့ ကရုဏာစိတ်နဲ့ ပြုံးပြပေးပါ

အမေ့ရဲ့ အကြင်နာတရားနဲ့ လင်းချင်းလို့ပေးပါလား အမေ ။ ။

(လမ်းဘေးကလေးငယ်များထံမှ သိခဲ့ရတဲ့ အတွေ့အကြုံလေး ......
ကဗျာအဖြစ်နဲ့ သွန်ချပြလိုက်မိတယ်ဗျာ ၊ မုဒိတာပွားနိုင် ၊ ဥပမာထားနိုင်ကြပါစေ ။ )

လွဏ်းသစ်မှူး

%%% နွားနဲ့လဘို့ရဲ့ အဘိဓမ္မာ %%%

ပြောသွားကြတယ် ၊ ပြောခဲ့ကြတယ်

အခုထိ ရှိနေတုန်း စကားလုံးများ ..... ။

သူတို့ပြောသွားကြတယ် ၊ သူတို့ ပြောခဲ့ကြတယ်

ခဏ .... ကျုပ်လည်းပြောချင်တယ်

မပြောခင် ကနဦးအခင်းလေး ခင်းပါရစေ ၊

ဒီမယ် ....

သူတို့ပြောခဲ့တဲ့စကားလုံးတွေကို မြင်ယောင်ကြည့်

ကိုယ့်မြို့ပြအတွက် ကိုယ့်ထီးနန်းအတွက်

ကိုယ်ကျိုးစွန့်လို့

အစားမရှောင် ၊ ကားမရှောင်

ဘောင်တွေမရှောင် ၊ ထောင်တွေမရှောင်

ကလေးမရှောင် ၊ ခွေးမရှောင်

တရုတ်လည်းမရှောင် ၊ ကုလားလည်း မရှောင်

ဘယ်ဘာသာ ဘယ်လူမျိုး “ဟိုးထားပဲ”ဆိုပြီး

ကပ်ကပ်လန် လုံချည်ကွင်းတောင် သိုင်းခဲ့သေး

ဒါ ဒို့ဘိုးဘေးလက်ထဲမှာကတည်းက ရှိရင်းစွဲစစ်မြေပြင် ၊

သင့်မှာကော တာဝန်ကျေပွန်စိတ် ရှိပါသလား ?

ကဲ .... စပါပြီ ၊

ဆရာဝံသ ကောင်းရာသုဂတိ လားမယ်

ဆရာမင်းလူ ပါရမီဓာတ်ခံတွေ ပါသွားတယ်

တစ်ခုတော့ တွေးမိပါရဲ့

သူတို့အပေါ်ချစ်တဲ့ သူတို့စိတ်က

သူတို့ကဗျာအပေါ်ချစ်တဲ့စိတ်လောက်

ဖောက်လွဲဖောက်ပြန်မဖြစ်ဘူး

ကဗျာဟာ နှလုံးသားထဲမှာ ကျောက်ထွင်းအက္ခရာ ။

“အန္တိမ အဆုံးသတ်ခြင်းမှာ သေခြင်းတရား”

လမ်းမီးက မှိန်လျက်က မှိန်လျက်ပဲလေ

ဒါကို လင်းထိန်သွားစေဖို့

တတ်စွမ်းသလောက် ကြိုးစားခဲ့ကြတဲ့သူတွေပါ

အလေးအနက် ရေးသားတဲ့ ဒီကဗျာမှာ

ကျုပ်ဟာ နွား ၊ ခင်ဗျားလည်း နွား

ကိုယ့်မြို့ပြအတွက် ကိုယ့်ထီးနန်းအတွက်

ကျုပ်ဟာ နွား ၊ ခင်ဗျားလည်း နွား

နွားရဲ့ လဘို့ဟာ ဒီတိုင်း ဒီပြည်အတွက်ပဲဆိုတာ ...... ။ ။

လွဏ်းသစ်မှူး

%%% ကမ္ဘာမကြေ ..... မကြေ ကမ္ဘာ ..... ကမ္ဘာမကြေတဲ့ မကြေ ကမ္ဘာ %%%

ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

၁၀း၃၇ .... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

ဖွတ်ချီး(ချေး)စားသော ငမိုက်သားများ .....
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

သွေးကျခဲ့သော တမံတလင်း ....
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

သေနတ်သံများ ဟိန်းထွက်ရာ အခန်းတစ်ခန်း .....
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

နိုင်ငံသားများ မျက်ရည်အကျ .....
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

လွတ်လပ်သောနိုင်ငံ အမည်တပ် ... မလွတ်လပ်ခဲ့သော အတိတ်နှစ်လများ ....
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

တစ်ဘို့တည်းသာ ကြည့်ခဲ့သော သူတစ်လူငါတစ်မင်းများ ....
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

ဘာသာသာသနာ အကြောင်းပြ ... နောက်မှ ဂုတ်ခွစီးသူများ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

၈၈ များအတွက် ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

ရွှေဝါရောင်နေ့အတွက် ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

ကြေးနီအတွက် ၊ ဦးပိုင်အတွက် ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...
ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ... ကမ္ဘာမကြေ ...

ကမ္ဘာမကြေ ... မကြေကမ္ဘာ ...ကမ္ဘာမကြေတဲ့ မကြေကမ္ဘာ ...
ကမ္ဘာမကြေ ... မကြေကမ္ဘာ ...ကမ္ဘာမကြေတဲ့ မကြေကမ္ဘာ ...
ကမ္ဘာမကြေ ... မကြေကမ္ဘာ ...ကမ္ဘာမကြေတဲ့ မကြေကမ္ဘာ ...
ကမ္ဘာမကြေ ... မကြေကမ္ဘာ ...ကမ္ဘာမကြေတဲ့ မကြေကမ္ဘာ ...
ကမ္ဘာမကြေ ... မကြေကမ္ဘာ ...ကမ္ဘာမကြေတဲ့ မကြေကမ္ဘာ ...

ကမ္ဘာမကြေ ... မကြေကမ္ဘာ ...ကမ္ဘာမကြေတဲ့ မကြေကမ္ဘာ ... ။ ။

လွဏ်းသစ်မှူး

♥♥♥အိပ်မက်ကို လှမ်းချူခြင်း♥♥♥


 Photo: ♥♥♥အိပ်မက်ကို လှမ်းချူခြင်း♥♥♥



၁။ ရုတ်ချည်းဖြစ်ရပ်



ငါ အိပ်မက်မက်တယ်
အိပ်မက်ထဲမှာ ငါက ကျား 
သမင်ကိုခုန်အုပ်ဖို့ချောင်းနေတာပေါ့
အဲဒီမှာ ငါ အရှိန်ယူတယ်
နောက်ကိုတစ်လှမ်းချင်းဆုပ်
ဆုပ်ရင်း ဆုပ်ရင်း ......... ။


ငါ သမင်ကိုမမိလိုက်ဘူး 
ငါ .......... ။


၂။ ထောင်ချောက် 


မကောင်းတဲ့နေရာပါပဲ
မုန်းတီးစရာကောင်းလွန်းတဲ့နေရာပေါ့
ငါ ကြောက်တယ် ..... ။


ငါ လွတ်အောင်ရုန်းရတော့မှာပဲ
"၀ုန်းးးးးးး"
လွတ်ပြီ ..... ငါလွတ်သွားပြီ ။


၃။ လွတ်လပ်ခြင်း


ကောင်းကင်ပေါ်မှာ ငှက်တွေ
ငါ တစ်ကောင်လောက်တော့ လိုချင်မိပါရဲ့
အို ..... ငှက်ကလေးတို့ 
ငှက်ကလေးတို့ .....
ငါ့အနားခဏလာနားပါကွယ် ။


၎။ ပျော်ရွှင်ခြင်း


ဟားဟား ........ 
ငှက်ကလေးတွေက စာနာမှုရှိသကွ
ငါ့အနားမှာ အသံမျိုးစုံနဲ့ဖျော်ဖြေလို့
ငါ့ရဲ့ပင်ပန်းမှုတွေ ပျောက်ကုန်ပါပကောလား ။


၅။ နိဂုံး (အဆုံးသတ်)


အိပ်မက်မှ လန့်၍နိုးလာပါ၏
ထိုအိပ်မက်သည် စွဲလမ်းစကိုလှုပ်ခါစေ၏
စွဲလမ်း၍သာသွားမိပါ၏
နောက်တစ်ဖန် ပြန်၍မက်လိုပါ၏။   ။


လွဏ်းသွေး

၁။ ရုတ်ချည်းဖြစ်ရပ်



ငါ အိပ်မက်မက်တယ်
အိပ်မက်ထဲမှာ ငါက ကျား
သမင်ကိုခုန်အုပ်ဖို့ချောင်းနေတာပေါ့
အဲဒီမှာ ငါ အရှိန်ယူတယ်
နောက်ကိုတစ်လှမ်းချင်းဆုပ်
ဆုပ်ရင်း ဆုပ်ရင်း ......... ။


ငါ သမင်ကိုမမိလိုက်ဘူး
ငါ .......... ။


၂။ ထောင်ချောက်


မကောင်းတဲ့နေရာပါပဲ
မုန်းတီးစရာကောင်းလွန်းတဲ့နေရာပေါ့
ငါ ကြောက်တယ် ..... ။


ငါ လွတ်အောင်ရုန်းရတော့မှာပဲ
"၀ုန်းးးးးးး"
လွတ်ပြီ ..... ငါလွတ်သွားပြီ ။


၃။ လွတ်လပ်ခြင်း


ကောင်းကင်ပေါ်မှာ ငှက်တွေ
ငါ တစ်ကောင်လောက်တော့ လိုချင်မိပါရဲ့
အို ..... ငှက်ကလေးတို့
ငှက်ကလေးတို့ .....
ငါ့အနားခဏလာနားပါကွယ် ။


 



၎။ ပျော်ရွှင်ခြင်း


ဟားဟား ........
ငှက်ကလေးတွေက စာနာမှုရှိသကွ
ငါ့အနားမှာ အသံမျိုးစုံနဲ့ဖျော်ဖြေလို့
ငါ့ရဲ့ပင်ပန်းမှုတွေ ပျောက်ကုန်ပါပကောလား ။


၅။ နိဂုံး (အဆုံးသတ်)


အိပ်မက်မှ လန့်၍နိုးလာပါ၏
ထိုအိပ်မက်သည် စွဲလမ်းစကိုလှုပ်ခါစေ၏
စွဲလမ်း၍သာသွားမိပါ၏
နောက်တစ်ဖန် ပြန်၍မက်လိုပါ၏။ ။


လွဏ်းသစ်မှူး

Friday, February 21, 2014

(လမင်း )



ကြယ်ကလေးရေ .....

မင်း အလှအပတစ်ခုအတွက်

စတေးခံလိုက်ရတာက လ ပါ ။

လမင်းရေ .....

မင်း နှလုံးသားမှာ ကိုယ်ရှိဖို့အတွက်

ကြိုးစားနေရတာ သွေးရဲ့ဂြိုဟ်လေးတစ်ခုပါ ။

ဒီလောက်ပါပဲ

ကိုယ် ချစ်တဲ့ သူတစ်ယောက်အတွက်

ဖြေသိမ့်ခြင်းလည်း ဖြစ်မယ် ၊

ယုယနွေးထွေးပြတာလည်း ဖြစ်မယ် ၊

အယူခံဝင်တာလည်း ဖြစ်တယ် ။

လမင်းရေ .....

မင်းကို ချစ်မိသွားတဲ့ အချိန်ကစ

မင်းကို လေးစားတာလည်း ပါသလို

မင်းကို နားလည်ထားတာလည်း ပါတယ်လေ ။

ထားလိုက်ပါအုံး ...

မင်း ထမ်းသယ်လာရတဲ့ ၀န်ပိုးကြီးကို ၊

ခဏ ချ

မင်း အမောပြေရေသောက်ဖို့ ကိုယ် ယူလာပါတယ်

မေတ္တာအေးအေး ကရုဏာနွေးနွေး ။

ဒီလောက်ပါပဲ ....

ကိုယ့်ဘက်က လုပ်ပေးနိုင်သမျှအတွက်

ကိုယ်ဖြည့်စည်းပေးချင်တဲ့ ဆန္ဒ ။

လမင်းရေ ....

မင်းဟာ မဟူရာထဲက အလင်း ၊

ရွှံဗွက်တွေထဲက ပတ္တမြား ၊

ချောင်းငယ်လေးထဲက ရွှေငါးဘုရင်မလေးပါ ။

ကြယ်ကလေးရေ ....

မင်းအတွက် အရာရာဟာ ပြောင်းလဲခဲ့မယ်ဆို

လမင်းကို မမေ့ပါနဲ့ ။

သွေးရေ .....

မင်းအတွက် အရာရာဟာ ပြောင်းလဲခဲ့တယ်ဆိုတာ

လမင်းကို အသိပေးလိုက်ပါ နော် ..... ။ ။

ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

ကြယ်ကလေး ယဉ်ယဉ် ..... (၃)



၁။


ထားရစ်ခဲ့တာကိုပဲ

ကျေနပ်ရမလို ..... ။



စာအိတ်စိမ်းနုလေးထဲက

မတည်မြဲတဲ့ လောကကြီးနဲ့

မတည်မြဲခဲ့တဲ့ တို့ရဲ့အချစ်တွေကို

ပြန်ပုံဖော်ကြည့်ကြရအောင်လား ..... ။



၂။


မနေ့ကလိုပဲ

အတိတ်ဖြစ်သွားတာလေ .... ။


အဆိပ်သင့်နှလုံးသားကို

အဖြူရောင်တွေ အထပ်ထပ်သုတ်

ကွာကျသွားတဲ့ နေ့ရက်တွေကို

ခဏ ထိုင်ကြည့်ဖြစ်တယ် ယဉ် ။



၃။


သိပ်သတိရတယ် ဆိုတာ

မိုးကိုလှမ်းငေးမိတဲ့ စွန်ကလေးပါ ၊

တိမ်ကို နမ်းချင်လို့

လှမ်း လှမ်းပြီး တက်တော့

လေကြမ်းက ဖမ်းထားတယ် ယဉ် ။



အိပ်မက်ထဲမှာပါ ....

ရောင်စုံခြယ် မျက်ဝန်းတွေနဲ့

လက်သည်းရှည်ရှည်ကလေးတွေ ..... ၊

ဒီပါးပြင်ကို ကုတ်ခြစ်လှည့်ပေါ့ ။



၎။


အစိမ်းရောင်လွင်ပြင်ထက်က

ခရမ်းရောင် ပူဖောင်းလေးများ ...... ။


နားလည်မှု လွဲချော်ခဲ့ခြင်းသည်

ထိုနေ့က စခဲ့ပြီး

ယခုထက်ထိ သူ့ရင်မှာ စိုက်ဝင်နေဆဲပင် ။



၅။


ဘုရားစင်ရှေ့ထိုင်မိတိုင်း

မေတ္တာပို့သမိတော့ .... ၊

ကြယ်ကလေး လင်းလက်ပါစေဆိုတဲ့

ဆုတောင်းမျိုးနဲ့ မလုံလောက်လို့

ကိုယ့်သွေးကို သောက်စေချင်ခဲ့တယ် ။


တရံရောအခါက .....

နေရယ် လရယ်

ပုခုံးချင်းထိခဲ့ကြတယ် ။



၆။


ကြယ်ကလေးရေ ....

ညရယ်က မှောင် မှောင်နိုင်လွန်းလို့

လကလေးဘေးမှာ ခိုနားပါကွယ် ။


လကလေးရဲ့ မျက်မုန်းကျိုး မိုးတိမ်ကို

ကိုယ် ဖယ်ထုတ်ပေးရမလား ..... ။


အတွေးလေးတစ်ခုရယ်ပါ ...

ဆွေးဆဲ ဆွေးမြဲ အချိန်ခါတွေမို့

ကိုယ့်ကို သမင်လည်ပြန်လှည့်ပါဆိုပြီး

တောင်းဆိုမနေတော့ဘူး ၊

ဘ၀လှရာ ရွှင်ပျော်ပါစေကွယ် ။



၇။


ထားရစ်ခဲ့တာကိုပဲ

ကျေနပ်ရမလို ..... ။   ။







ကျေးဇူးတင်ပါတယ်




လွဏ်းသစ်မှူး


Thursday, February 20, 2014

(စိတ်)




 




မိုးသားတို့ရဲ့ စီမံခန့်ခွဲမှုအရ

စိတ် အလှအပတွေကို ကမ်းကပ်ထားလိုက်ရတယ် ၊

ရွာ မရွာ စောင့်ကြည့်အခြေအနေမှာ စိတ်က စာရင်းဇယားကိုင်ရမယ် ၊

နှင်းဖွားဖွားတွေကျလည်း ဒီဂရီဘယ်လောက်အထိရှိကြောင်း

မိုးဖွဲဖွဲတွေကျလည်း ဒီဂရီဘယ်လောက်အထိရှိကြောင်း

တစ်ပါဒပြီး တစ်ပါဒ ......

နွေ မပါရ ။



အိပ်မက်ကိုတော့ ဒီအတိုင်းလေးပဲ ခေါက်ထားလိုက်

မောဟိုက်နေအောင် အရှူအထုတ်လုပ်ပါ ၊

တစ်ကျိုးမဟုတ် တစ်ကျိုးတော့ ဒီကမ်းကိုကပ်လာလိမ့်မယ် ။



အတိတ်ရယ် ပြန်နိုးထကြည့်တော့ ....

သူက အဖြူရောင်တွေနဲ့ လုံးထွေးရစ်ပတ်လို့ ၊

ကိုယ့်ခြေဖျားကို ကိုယ်ပြန်စမ်းကြည့်တော့ ....

အေးတိအေးစက် ရွှံ့စက်ကလေးတွေ .... ၊

ဒါဟာ ဥပါဒါန်ဖြစ်သလို

အစိုးမရခြင်းလည်းဖြစ်ရဲ့ ၊

ဒါဟာ အဇ္ဈုတ္တဖြစ်သလို

ပူလောင်ခြင်းလည်းဖြစ်ရဲ့ ။



လူသူမသိတဲ့ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိမှာ

အရောင်တွေ ခဏခဏပြောင်းလဲခြင်းက

ဘာမှမဟုတ်တဲ့ ရုန်းကန်ခြင်းပဲဖြစ်ခဲ့ ။



နောက်ဆုံးအကြိမ်ပါလို့

ကိုယ့်သန္ဓေကို ကိုယ် မာန်တင်းပြလိုက်ပေမယ့်

တိုက်ဆိုင်မှုရှိတိုင်း အပေါ်တက်လာတာကတော့ ..... ။ ။



ကျေးဇူးတင်ပါတယ်

လွဏ်းသစ်မှူး

(မျက်နှာတွေမှာ အော်ဂလီဆန်ဆန် အပုပ်အသိုးတွေနဲ့ ခုထိဘာမှမသိတတ်သေးသူများအကြောင်း )


ဒီမယ် ..... ၊ မပြောမပြီး မတီးမမြည် မဆဲရင် မလုပ်တတ်တဲ့ အကျင့်တွေကြောင့် အော်ဆဲမိတယ် ၊ ဟုတ်လား ၊
ကိုယ့်ဥကို ကိုယ်ချစ်တတ်သလောက်မဟုတ်ဘဲ နည်းနည်းလေးလျှော့ပြီး ချစ်ကြည့်စမ်းပါ ၊

ကမ္ဘာကြီးရဲ့အပူရှိန် လျော့ပြပါလိမ့်မယ် ၊ ဟုတ်လား ၊
ကိုယ်က ကျားလုပ်ပြရင် ခင်ဗျားကော ကျားလုပ်မှာလား ၊
ကိုယ်ကျား သူကျား သူကျား ကိုယ်ကျားရင်း နှစ်ကောင်လုံးကားသွားမှာကတော့ သေချာနေတယ် ၊ ဟုတ်လား ၊
နားစမ်းပါ ၊ ကိုယ့်ကိုယ်ကို အထင်ကြီးစရာကောင်းတာလောက် အထင်ကြီးစရာကောင်းတာမရှိဘူးဆိုပေမယ့် ကန်ထုတ်ပစ်ချင်လာတယ် ၊ ဟုတ်လား ၊
တစ်ယောက်က တစ်ယောက်ကိုရွဲ့မယ် တစ်ယောက်က တစ်ယောက်ကို ဖဲ့မယ် ၊ ဘယ်လိုအကျိုးအမြတ်များ ရရှိသွားပါသလဲ ၊ ဖြေပါ ၊ ဖြေစမ်းပါ ၊
ကိုယ့်အမြုတေကို ကိုယ်တိုင်ပွတ်တိုက်ပေးမှ အရောင်ထွက်သလို ၊ ခင်ဗျား ပွတ်တိုက်လိုက်စမ်းပါ ၊ ခင်ဗျား ကျင့်ကြံလိုက်စမ်းပါ ၊
လူကောင်းလူမွန် လူတော်လူမြတ် လူနတ်တွေ ချစ်ခင်ကြင်နာတဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်လိုက်စမ်းပါ ၊ ဟုတ်လား ၊
ဘာအဓိပ္ပာယ်မှမရှိတဲ့ စကားတွေ ၊ စကားလုံးတိုက်ပွဲတွေ ၊ အမုန်းအာဃာတတရားတွေက ခင်ဗျားအတွက် လက်ဆောင်လှလှမဟုတ်ဘူးဆိုတာ ၊ ဟုတ်လား ၊
ဒါတွေ လွန်တယ်ဆိုလည်း လွန်တယ်လို့ပဲ သဘောထားလိုက် ၊ ဒါတွေ မှန်တယ်ဆိုလည်း မှန်တယ်လို့ပဲ သဘောထားလိုက် ၊ ဟုတ်လား ၊
မာနတွေ လျှော့ ၊ မနာလိုဝန်တိုမှုတွေ လျှော့ ၊ မကျေမချမ်းဖြစ်နေတာတွေလျှော့ ၊ အကုသိုလ်စိတ်မှန်သမျှ လျှော့ပလိုက် ၊ မဟုတ်ဘူး ၊
တစ်ခုမှမကျန်အောင် ဖျောက်ပလိုက် ၊ ဟုတ်လား ၊
မျက်စိထဲ အမှိုက်တွေ လာပစ်မထည့်ကြနဲ့ ၊ အေးချမ်းမှုပဲ လိုလားတယ် ၊ ဟုတ်လား ၊
ခု ဒီနိုင်ငံက ငြိမ်းချမ်းရေးလိုချင်တာဆို ၊ ဒီမိုကရေစီနည်းကျကျ နေထိုင်သွားလာချင်ကြတာဆို ၊ လူသားနှိပ်စက်ရေးဝါဒကို တွန်းလှန်ချင်ကြတာဆို ၊
ဒါဆို ဘာဖြစ်လို့ အမုန်းတရားတွေထားနေကြသလဲ ၊
အပြောနဲ့အလုပ်နဲ့က နောက်(နွား)ချီး(ချေး)ပုံနဲ့ နတ်သုဒ္ဒါဖြစ်နေတာ မတွေးမိကြလေရော့သလား ၊ ဟုတ်လား ၊
တစ်ခုမှ အမှားပါမှာမဟုတ်ဘူး ၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းချင်ပါတယ်လို့ ဘယ်လောက်ပဲ အာပေါက်အောင်ပြောပြော ၊ ဘယ်လောက်ပဲ လက်တိုအောင်ရေးရေး ၊
ကိုယ်ကိုယ်တိုင်ကမှ ငြိမ်းချမ်းလိုစိတ်မရှိဘူးဆိုမှတော့ ဘာမှကိုလုပ်မနေနဲ့ ၊ ဟုတ်လား ၊
ဒါပဲ ပြောချင်တယ် ၊ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင် ကိုယ်ကိုယ်တိုင်က ငြိမ်းချမ်းနေသင့်တယ် ၊ ဟုတ်လား ။   ။




ကျေးဇူးတင်ပါတယ်



လွဏ်းသစ်မှူး

( ကြယ်ကလေး ယဉ်ယဉ် )

အခု ....

အပြုံးစိုစိုကို စောင့်စား

နှလုံးချိုချိုနဲ့ တည်ခင်းပါ့မယ် ။

ကြယ်ကလေးရေ ....

လထွက်ချိန် အမီရောက်ဖို့

ကောက်ကွေ့တဲ့ မြစ်တွေကို

ဖြတ်သန်းလာခဲ့ရသေးလား ။

အမုန်း စေရာ ကိုယ် မလိုက်ချင်ပါဘူး

အပြုံး ဝေကာမှ ကမ္ဘာဦးဂီတမို့

မို့ မို့ သနပ်ခါးလေးပဲ ဖို့ ထားပေးကွယ် ။

နေ ပျို့လာတဲ့ နံနက်ခင်းဆည်းဆာမှာ

ရောင်နီဝါပြာ ကောင်းကင်အောက်

စံပယ်ပန်းတွေ ပွင့်ဖူးကြသလိုမျိုး

အို ....

မင်းရဲ့ တည်မှု ဟန်ပန်ဟာ

ကိုယ် မျက်ရည်ကျရာ စမ်းချောင်းလေးပေါ့ ။

သဝေထိုး အ ၀စ္စနီ မှာ

ကိုယ့်ဒေသလေး ပါပါရစေ ၊

အဓိပ္ပာယ်မဲ့ စကားဆိုဖို့

နှစ်ချို့ပန်းသီးတွေ မလိုပါဘူး

ကပိုကရို အကြည့်လေးတွေကိုပဲ

ကိုယ့်အခန်းထဲ သိမ်းထားမယ် ။

ငြီးငွေ့လို့နေပြီလား

အချစ်ကို အားဆေးသွင်းဖို့

လိုနေတဲ့ အာနိသင်ဟာ

အပြုံးလေးပါ ယဉ် ။

အသည်းထဲ အေးကနဲ

ဖေးတွဲလို့ လက်ချင်းယှက်

နားလည်မှု အရည်ကြည်လေးတွေထဲ

နှစ်ကိုယ်တွဲ ကူးခတ်ချင်ပြီ ။

ခက်ပြီကွယ် ....

ည ဆို မမှောင်တတ်ခဲ့လို့

နေ့ ဆို မပူတတ်ခဲ့လို့

မင်း အရိပ်ပါးပါးလေးထဲ

တစ်ကိုယ်ထဲပဲ ခိုချင်တယ် ။

ကိုယ့်လက်မောင်းမှာ

ဘာ ဆူးမှ ခင်းမထားပါဘူး

မှေးစက်ချိန် လာ အုံး လှည့်ပေါ့ ။

ခံတပ်မရှိတဲ့ မြို့ရိုးဟာ ကိုယ်ပါ

ယဉ် ....

အကြင်နာတွေ ၀န်းရံစေပြီး

မေတ္တာ မိုးရည်ပေါက်လေးတွေ

ထွေထွေ သက်ဆင်းစေမယ့် မြစ် ။

အချစ် ..... အချစ်နဲ့

အော်လိုက်ကြ ဟစ်လိုက်ကြ

အဲဒီတောထဲမှာ

ကိုယ့် မျက်ဝန်းတွေ ပျောက်ရှသွား ။

ယဉ် ရယ် ....

ကိုယ့် နံရိုးတစ်ချောင်းနဲ့ ပတ်သက်ပြီး

မီးအိမ်ငယ်လေး ထွန်းညှိခဲ့ပါကွယ် ။

လွဏ်းသစ်မှူး