Monday, December 9, 2013

*** ဖြစ်စဉ်အကျဉ်းသည် ကိုယ်မှစခဲ့သော မီး ***



သူတို့ အပျော်တွေကိုမြင်တယ်

သူတို့ အလွမ်းတွေကိုမြင်တယ်

သူတို့ အနမ်းတွေကိုပါ မြင်တယ် ။

တောက် တစ်ချက်ခေါက်ကြည့်တယ်

သိပ်ပြီး အားမပါဘူး ၊

နံရံကို ပြေးဆောင့်ကြည့်တယ်

ခေါင်းက သွေးမထွက်ဘူး ၊

အပေါင်းအဖော်တွေနဲ့ ပျော်မြူးကြည့်တယ်

အဆင်မပြေဘူး ......

အဆင်မပြေဘူး ။

သူ့အသံလေးကို လွမ်းတယ် ၊

သူ့စာသားလေး တစ်ခုကို လွမ်းတယ်

အလွမ်းတွေ အလွမ်းတွေ

လွတ်ရာကျွတ်ရာ လမ်းကလေး တစ်သွယ်လောက်တော့

ပေးထားခဲ့သင့်တယ် ..... အမည်မဖော် ။

သူ့နှလုံးသားက ခြဲထီဒိုင်

အလျော်အစား တည့်တယ်

အပျော်အပါးများတယ် (သူ့အတွက်)

အဲသလို စိတ်မျိုးနဲ့

ငါ မင်းကို ထုချေလိုက်ပြီ ။

အစကတည်းက ငါရှို့ထားခဲ့တဲ့မီး

အခုထိ မငြှိမ်းချင်သေးဘူး ..... အမည်မဖော် ။ ။

လွဏ်းသစ်မှူး

( ကျွန်တော့်ချစ်သူ ......... )



ကျွန်တော် သူ့ကို ချစ်တယ်

ကျွန်တော့် နှလုံးသားထဲမှာ

ကျွန်တော့် လှုပ်ရှားမှုတွေထဲမှာ

ကျွန်တော့် အိပ်ရာထဲမှာ

ကျွန်တော့် ထမင်းပန်းကန်ထဲမှာ

ကျွန်တော့် ဆိုင်ကယ်လေးပေါ်မှာ

သူအမြဲ ရှိတယ် ။

ဘယ်သွားသွား ဘယ်လာလာ

သူ အမြဲပါတယ် ၊

ကုသိုလ်ပဲ လုပ်လုပ်

အကုသိုလ်ပဲ လုပ်လုပ်

သူ မတားမြစ်ဘူး

အလိုက်တသိ နေပေးတယ် ။

လောကကြီးရေ ......

ခင်ဗျားကို ကျွန်တော်ချစ်တယ်

ကျွန်တော့်ရဲ့ချစ်သူ လောကကြီးမှာ

ဖြူသော အရောင်တစ်ခုတည်းသာ ၊

ကျွန်တော့်ချစ်သူဟာ လောကကြီးပါ ။ ။

လွဏ်းသစ်မှူး

ကြာ .......

တစ်ကြိမ်တစ်ခါ မဟုတ်ဘဲ

အကြီမ်ခါခါ ရွှံ့အိုင်ထမှုမှာ

ကိုယ်ဟာ အဓိကတရားခံပဲ "ကြာ" ။

အထပ်လိုက် အရေခွံတွေ ခွာချလိုက်တာ

ကိုယ်ကိုယ်တိုင်ပဲလေ .....

မသတီစရာ မိုးတွေနဲ့

ပလီပလာ လေနီကြမ်းတွေလို

ကိုယ့်လားရာဟာ မျဉ်းပြိုင်တစ်ကြောင်းပေါ်မှာ

ရှိချင် ရှိနေနိုင်ပါတယ် ... "ကြာ" ။

ကြယ်တွေ အလန့်တကြား ပြေးပုန်းတဲ့ည

အမေလည်း မလာဘူး

ချစ်သူလည်း မပါဘူး

ကိုယ့်ရဲ့ တစ်ဦးဆိုင်ညချမ်းက

သိပ်ကို မဟူရာ ကျလွန်းခဲ့တယ် "ကြာ" ။

ရေပြင်ညီ ဆုံမှတ်တစ်ခုမှာ

ချစ်သူရဲ့ ကုန်ခမ်းသွားတဲ့ နားလည်မှုနဲ့

ကိုယ့်ရဲ့ မှားယွင်းစွာ ခုတ်ချလိုက်တဲ့ သံသယဓါးချက်တွေ

အတုံးလိုက်အတစ်လိုက် .........

ပကတိလှဖို့တော့ လုံးဝဖြစ်နိုင်မှာမဟုတ်တော့ဘူး ။

ဖြစ်ချင်လည်း ဖြစ်နိုင်သေးတာပဲ ၊

ဒဏ်ရာတွေကို မကြည့်နဲ့တော့

ဖြစ်ပျက်ခဲ့ပြီးတာတွေ ချန်ခဲ့ပေါ့ ....

ကိုယ့်ညတွေ လှဖို့ မလိုပါဘူး

ကိုယ့်ဘ၀ဟာ ချိုမြနေလား ၊

ခါးသက်နေလား .....

မထူးဆန်းတော့ပါဘူး "ကြာ"

အကြင်နာဆိုတာကိုသာ ချဉ်ချင်းကြီးစွာနဲ့ ...... ။ ။

လွဏ်းသစ်မှူး

%%% ကျွံကျသွားသလား အမေ %%%



၁။

ကောင်လေးတစ်ယောက် ပန်းချီဆွဲနေတယ် ....

ညာဘက်လက်မှာ စုတ်တံလေးကိုင်လို့

လက်မနဲ့လက်ညှိုး အားပါပါဖိကပ်

သူ့ပါးပြင်ပေါ်က မျက်ရည်တွေ

သူကိုယ်တိုင် ရေးဆွဲနေတယ် အမေ ။

၂။

အဲဒီ ကျုံးဘေးမှာပေါ့ ....

သူ့လက်ထဲက ပန်းကုံးလေးတွေနဲ့

သူ့ပါးစပ်က ရွတ်ပြတဲ့ ညီညီမလေးတွေအကြောင်း

ဘယ်သူကမှ အရေးမလုပ်ခဲ့ကြဘူး အမေ ။

၃။

ကျန်စစ်သားရဲ့ခြေရာ နံဘေးမှာ

ကုတ်ကုတ်ကလေးထိုင်လို့

နေ့လည်စာ ထမင်းထုပ်ကလေးက

သူ့ ညီ ညီမလေးတွေအတွက်တဲ့ ၊

သူသွားရာလမ်းတစ်လျှောက်လုံး

သူ့အဖုံးအကာတွေပဲ ၊

သူများကလေးတွေမြင်တိုင်း

အားမကျတတ်တော့တဲ့ စိတ်နဲ့

ညီ ညီမလေးတွေ ကျောင်းတက်စေချင်ခဲ့

အဲဒီစိတ်နဲ့ပဲ ဒီတောထဲကနေ မထွက်ဖြစ်ခဲ့ဘူးတဲ့ အမေ ။

၎။

ကလေးတွေ ကျောင်းတက်နိုင်ပါစေ ....

ကလေးတွေ ၀ဖြိုးနိုင်ပါစေ ....

ကလေးတွေ မိဘစုံလင်စေ .... ။

၅။

အဲဒီစကားတွေက အဲဒီကလေးပြောနေတာလေ

ကြားလိုက်လား ၊ ကြားလိုက်ရဲ့လား

စို့နင့်အက်ကွဲသံနဲ့ သူ့ရဲ့ပန်းကုံးလေးမှာ

မျက်ရည်တွေ တွဲလဲခိုလို့

မပြီးဆုံးနိုင်သေးဘူး အမေ ။

၆။

ကျွံကျသွားသလား အမေ

သူ့အသံတွေထဲမှာ ကျွံကျသွားသလား

အမေ့ရဲ့ မေတ္တာစိတ်နဲ့ ပွတ်သပ်ပေးပါ

အမေ့ရဲ့ ကရုဏာစိတ်နဲ့ ပြုံးပြပေးပါ

အမေ့ရဲ့ အကြင်နာတရားနဲ့ လင်းချင်းလို့ပေးပါလား အမေ ။ ။

(လမ်းဘေးကလေးငယ်များထံမှ သိခဲ့ရတဲ့ အတွေ့အကြုံလေး ......
ကဗျာအဖြစ်နဲ့ သွန်ချပြလိုက်မိတယ်ဗျာ ၊ မုဒိတာပွားနိုင် ၊ ဥပမာထားနိုင်ကြပါစေ ။ )

လွဏ်းသစ်မှူး

သမိုင်း .........

ခဏလောက် ထိုင်ပြီး

အေးရာ အေးကြောင်း

အဖျော်ရည်လေးတစ်ခွက်လောက် ၊

ခဏလောက် ရပ်ပြီး

ငေးစရာ တွေးစရာ

အကြောင်းအရာလေးတစ်ဒါဇင်လောက် ၊

လှမ်းလို့ပေးလိုက်ပါလား သမိုင်း ။

အဲဒီလို အချိုးမျိုးနဲ့

တိုးတိုးလေး ရွတ်ဖတ်ပြချင်ရဲ့ ၊

သမိုင်း ရေ .... ။

၅၀ ဆိုတာ

ဘယ်သမိုင်းမှာ ရှိနေတာလဲ ၊

ကူညီရိုင်းပင်းကြတယ်ဆိုတာ

ဟိုး အဝေးမှာ ထားခဲ့ပြီး ။

ကျုံးရေတွေလည်း သောက်မရတော့ဘူး

မန္တလေးဆိုတာလည်း အဖြူတစ်ကွက် အမည်းတစ်ကွက်

ဘယ်မှာလည်း ငါတို့

ဘယ်မှာလည်း အမျိုးတွေ ၊

ခဏ ခဏ ကြည့်မိတိုင်း

ခဏ ခဏ ဗိုက်နာရတယ် ။

သမိုင်းရေ .....

မင်းလျှောက်ခဲ့တဲ့လမ်းတွေက

ချောတလှည့် ကြမ်းတစ်ဖုံ

အလုံးစုံ မညီညာခဲ့ဘူး

သမိုင်း ။

ခုလည်းလေ .....

ငါတို့ ၊

ဖိနပ်တွေ ပျောက်နေတာ

သမိုင်း တွေ့လိုက်ပါသလား ။

သစ်ပင်တွေ ခြောက်နေတာ

တွေ့လိုက်ပါသလား ၊

လမ်းတွေ နာကျင်ကိုက်ခဲနေတာ

မြင်လိုက်ပါသလား ၊

မြို့ပြသားကောင်တွေ အမဲလိုက်နေတာ

သိလိုက်ပါသလား ၊

ရာသီဥတု စိတ္တဇဆေးရုံရောက်နေတာ

ကြားလိုက်ပါသလား ၊

ကဗျာဆရာတစ်ချို့ အရည်ညစ်ညစ်တွေသောက်နေတာ

မြင်လိုက်ပါသလား ၊

ကဗျာဆရာတစ်ချို့ ရင်ပူခေါင်းအူနေတာ

တွေ့လိုက်ပါသလား ၊

သမိုင်း ။ ။

%%% ကိုယ့်စိတ် ကိုယ်ဖြောင့် ကောက်ကတော့ ကောက်လို့ %%% November 11, 2013 at 11:03am





မနက် မိုးလင်းကတည်းက

ဖြောင့်လာတဲ့ စိတ်က

ကောက် ကောက်နိုင်လွန်းတယ် ။




အမာစာတွေ မစားရတော့တဲ့ နေ့တွေ

ဘယ်လောက်တောင် သည်းငြင်းခံနေရဦးမှာလဲ ....

ဒီ အမည်မသိကလည်း ဆော်လို့ကောင်းတုန်း

အတွင်းစိတ်ဟာ ပြောမရလောက်အောင် ကောက်ကွေးသွားတယ် ။




ဘယ်လို အတိုင်းအတာနဲ့ သတ်မှတ်ထားတဲ့

ရွဲ့ရွဲ့စောင်းစောင်း စကားလုံးတွေလဲ ။



ကိုယ့်မသိစိတ်ကို ကိုယ် မသိတော့တဲ့အခါမျိုးမှာ

သတိလည်း အလိုက်တသိ ကပ်မလိုက်နိုင်တော့

အငြိအစွန်းတွေကိုသာ ဖန်တစ်ရာမက အဖန်ဓာတ်တွေရောမွှေခဲ့ ။



ကွမ်းယာ မ၀ါးရ

ဘီယာ မသောက်ရ

ဆိုင်ကယ် မစီးရ

ထမင်း မစားရ

မုန့်တီ မစားရ

ရှမ်းခေါက်ဆွဲ မစားရ

ကား မမောင်းရ

အပြင် မထွက်ရ

အင်တာနက် မသုံးရ

လျှောက်မလည်ရ

မ ..... ရ  ။




မွန်းကျပ်မှုတွေကို မွန်းကျပ်မှုတွေလို့ မထင်ခဲ့ဘူး ၊

ကိုယ့် မသိစိတ်ကိုလည်း ကိုယ် မထိန်းနိုင်ဘူး

သိစိတ်ကလေး နည်းနည်းကပ်တာနဲ့

အစုလိုက် အပြုံလိုက် ..... မသိစိတ် ၊

ချောင်းကလေး နည်းနည်း ဆိုးလိုက်တာနဲ့

ညာဘက်ရင်အုံအောက်က အင်အားကြီးကြီးနဲ့

ဆောင့်ဆောင့်တက်လာ ..... နာကျင်စိတ် ၊

အဲဒီလို .......

ကိုယ့်စိတ်ကို ကိုယ်ဖြောင့်ဖြောင့်လိုက်တိုင်း

ကိုယ့်စိတ်က ကိုယ့်ကို ကောက်ကောက်ကွေးကွေး

ပြန်ဖြစ်စေခဲ့ ၊

ကိုယ်ဖြောင့်တိုင်း ပိုပိုကောက်လာတော့

ရောရောထွေးထွေး .......

ဗိုလ်အောင်ဆန်း

ဗိုလ်နေ၀င်း

ဦးသိန်းစိန်

ဦးသန်းရွှေ

ဖြောင့်လိုက်တိုင်း နောက်က လိုက်လိုက်ကောက်တယ် ၊

ဒီလိုနဲ့ သံသရာက ပုံမှန်အတိုင်း လည်ပတ်လို့ ........ ။     ။



လွဏ်းသစ်မှူး

ရောင်စုံ ကစားဝိုင်း( လူ့ ကျင့်ဝတ် )



လူ လူအလျောက်

ခွေး ခွေးအလျောက်

ကြောင် ကြောင်အလျောက်

လောဘဆိုတာ ရှိကြတာပဲ ®

မာန သိပ်ကြီးရင်လည်းမကောင်းဘူး

လောဘ တစ်ဘမှာ

လေ့လာအတုယူခြင်းက

ရာခိုင်နှုန်း ဘယ်လောက်ရှိမလဲ

မစဉ်းစားတတ်ဘူးပြောရင်

သူ့ ပါး ငါချမယ် ။

စိတ်ကို ချုပ်တည်းနိုင်လား

ရင်းနှီးပြီးသားသူ ဘယ်နယောက်

ညီအစ်ကိုလို ချစ်ခဲ့ကြသူ ဘယ်နယောက်

မောင်နှမတွေလို ပွေ့ ဖက်ခဲ့ကြသူ ဘယ်နယောက် .....

သူ ဘီလူးမျက်နှာဖုံးတပ်လိုက်ပြီဆို

ငါ စေ့စေ့ကြည့်နေမယ်

ကိုက်ဖြတ်ရဲတယ်ဆို ကိုက်ဖြတ်လိုက် ။

ဇောက် မနက်တာ နက်တာ အဓိကမဟုတ်

သူ့ စိတ် ချော မချောက အဓိက

ဆော့ရတာ သိပ်အဆင်မပြေဘူး

နောကတစ်ဝိုင်းပြောင်းမယ် ။ ။

လွဏးသစ်မှူ်း

(အစိမ်းရောင်ခြယ်သော ပန်းရနံ့လေးအကြောင်း .......)



မျက်နှာတစ်ပြင်လုံးမှာ ဆေးရောင်စုံနဲ့

ကိုယ်တိုင်တူးဖော်ထားတဲ့

အိပ်မက်ယဉ်ကလေး

ပျောက်သွားမှာစိုးတယ် ၊

ဒီအတိုင်း ထားချင်ခဲ့ စိတ်မှာ

အမှားမပါမဲ့ အနံ့အသတ်တွေနဲ့

သွားလာခဲ့ လမ်းဟောင်းတွေတစ်လျှောက်

ခြေရာတွေ ထပ်ခဲ့ပြီး ။



တိတ်တိတ်ဆိတ်ဆိတ်

ည ကောင်းကင်ကြီးထဲမှာ

ကြယ်မရှိတဲ့ လကိုငေးကြည့်ပြီး

ညမွှေးပန်းလေးနဲ့ စကားပြောဖြစ်ခဲ့ ....

အစိမ်းရောင် ပန်းရနံ့လေးအကြောင်း ။



သူဟာ သိပ်ကိုလှခဲ့တယ်

ဟန်ဆောင်ခြင်းကင်းမဲ့တဲ့ အပြုံးနဲ့

သူ့ရနံ့ဟာ ထုံမွှမ်းလို့

ကိုယ့်ရင်အုံတစ်ပြင်လုံး လှိုက်ဖိုလို့နေခဲ့ ၊



အကျယ်ချဲ့ပြောတာလည်း မဟုတ်ပါဘဲ

ညမွှေးပန်းလေး နှာခေါင်းရှုံ့တယ် ၊

ဘယ်သို့ရောက်သွားသည် ဖြစ်စေ

အစိမ်းရောင် ပန်းရနံ့လေးဆီကို

သွားချင်တဲ့ ကိုယ့်အာရုံဟာ ထိန်းမရတော့

အစိမ်းရေ .....

ကိုယ့်လေအ၀င်အထွက်တိုင်း မင်းရှိနေပေးပါကွယ် ။ ။





လွဏ်းသစ်မှူး

အခုခေတ်ကို ရွက်လှေကလေးတစ်စင်းနဲ့ ပြောင်းပြန်လှန်ကြည့်ရအောင် ...... (သျှင်)

ရွက်လွှင့်ကြရအောင်

ဘယ်မှန်းမသိတဲ့ ခရီးရှည်ပေါ့ ၊

ဖော့စ်ဖရိတ်နဲ့ မက်သယ်မက်တီကယ်လီ ကွာခြားမှု

အခုခေတ်ကို ပြောင်းပြန်လှန်ကြည့်ချင်တယ် သျှင် ။



အရင်ကဇာတ်လမ်း ၊ အရင်ကဇာတ်လမ်း

တစ်မတ်တန် စာအုပ်လေးဆီ တွားသွားခွင့်

ငါးမူးတန် ဆောင်းပါးပိုင်ရှင်ဆီ ခိုကပ်ခွင့်

ခွင့်တိုင်ကြားစာထဲမှာ သျှင် ငါးဆယ့်ငါးကမ္ဘာလောက် နားလိုက်ပါ ။



ဟားတိုက်စရာ အပြုအမူတွေ

ကျားကိုက်စရာ လှုပ်ခါမှုတွေ

မလုပ်ခဲ့ပေမယ့် ဖြစ်ခဲ့တယ် .... ၊

ဟားတိုက်လိုက်သည်

ကျားကိုက်လိုက်သည်

မသေကောင်း မပျောက်ကောင်း ဒဏ်ရာတွေနဲ့

သျှင်တို့တွေ လေးဘက်ထောက်နေကြရပြီ ။



လူ့ဝေဒနာ လူ့သေနာတွေ

ခဏခဏ ထွက်ထွက်ပြေးသွားကြ

မင်းပြီးရင် ငါပဲ

ငါပြီးရင် မင်းပဲ

အသည်းထဲ မှိုမတက်စေနဲ့

မျက်လုံးထဲ ဖုန်မ၀င်စေနဲ့

ခြေချောင်း လက်ချောင်းတွေကြားထဲ ရေ၀ဲမစားစေနဲ့

ဝက်ခြံမထွက်စေနဲ့

မိတ်မပေါက်စေနဲ့

တားလို့မရတဲ့ တားမြစ်ခြင်းတွေက တားမြစ်ခံရ

တကယ်စိတ်ကုန်ခြင်းဆိုရင် သျှင် ကြိုးဆွဲချသေမလား ။



ဖာထေးမှုတွေ ပုံအောလို့ထူပြောလာ

ဒါဟာ နိမိတ်ဆိုးလား ......

စက်ယန္တရားတွေ လမ်းလျှောက်လာ

ဒါဟာ နိမိတ်ကောင်းလား .....

ဘာရွေးမလဲ ၊ ဘာကိုရွေးမလဲ သျှင် ။



အပူ အပူ

အနွေး အနွေး

အအေး အအေး

အပူ အနွေး

အပူ အအေး

အနွေး အပူ

အနွေး အအေး

အအေး အပူ

အအေး အနွေး

ဘေးကကြည့်နေသူအဖို့တော့ မျက်လုံးမှိတ်မရတော့တာ အမှန်ပဲ သျှင် ။



တားလို့မရတဲ့ တားမြစ်ခြင်းတွေက တားမြစ်ခံရ

တကယ်စိတ်ကုန်ခြင်းဆိုရင် သျှင် ကြိုးဆွဲချသေမလား ။



ရွက်လွှင့်ကြရအောင်

ဘယ်မှန်းမသိတဲ့ ခရီးရှည်ပေါ့ ၊

အဲဒီမှာ .....

အခုခေတ်ကို ပြောင်းပြန်လှန်ကြရအောင် သျှင် ။ ။








လွဏ်းသစ်မှူး

ကောင်မလေး

သွေး ၊ ဒီကောင်မလေးကို စိတ်ဝင်စားသွားပြီ ။

ဖြူဖြူဖွေးဖွေး ၊ သွယ်တန်းနွဲ့လျ ၊ အရပ်အမြင့်ကလည်း သွေးနဲ့ မပိုမလိုကလေး ။

ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကိုပါ တွေ့ရတတ်တဲ့ ကောင်မလေး .... ၊

ဒီကောင်မလေးကို အတိအကျ မသိဘူး ၊ ဘယ်ကလာလို့ ဘယ်ကိုသွားခဲ့သလဲ ၊ သွေးရဲ့ အိန်ဂျယ်လေးအဖြစ် ပလာစတာကပ်လိုက်ရတော့မလား ။

မေ၀၀ါးချင်စိတ်နဲ့ဘဲ ကောင်မလေးအပေါ် စိတ်ဝင်စားမိတဲ့နှလုံးသားက တုန်တုန်ခါခါ ။

ဆောင်းတွင်းကြီးမှာမှ မလာသင့်တဲ့မိုးက ၀င်ပြီး ဖွဲနေတော့ သွေးရဲ့သွေးကြောတွေထဲမှာ ဒီကောင်မလေးရဲ့ ဂါဝန်စကလေးတွေက ၀ဲပြန့်လို့ ။ သွေး အသက်ရှူသံတွေတောင် ဘယ်ယိမ်း ညာယိမ်းနဲ့ ၊ သိမ်းတောင်ထားချင်မိတယ် ။

နောက်တစ်ခါ တွေ့ချင်မိတဲ့ ဥပါဒါန်အစွဲအလမ်းနဲ့ သွေး ဒီကောင်မလေးကို ရှာပုံတော်ဖွင့် ၊ အလျင်းသင့်ရင် သင့်သလို ချစ်ကြောင်း နစ်ကြောင်း မေတ္တာသက်ဝင်မိကြောင်း သ၀ဏ်လွှာလေး ပို့လိုက်မယ် ။

ဒီကောင်မလေး ...... သွေးနဲ့ ဆုံပါရစေတော့

သွေးရဲ့အိန်ဂျယ်လေးကို ရင်ခွင်ထဲ ထွေးဖက်ထားပါရစေတော့လား .... ကံကြမ္မာကြီးရယ် ။ ။

လွဏ်းသစ်မှူး